တောင်ကုတ် ပန်းမြောက်တောင်ပေါ်ရှိ အမြောက်တပ်ကို AA သိမ်းပိုက်
တောင်ကုတ်တွင် အောက်တိုဘာလကုန်နေ့မှစ၍ AA ၏ ထိုးစစ်ဆင်မှုများစတင်ခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် ပန်းမြောက်တောင်ပေါ်သို့ ထိုးဖောက်ဝင်ရောက်ကာ အမြောက်တပ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
04 Nov 2024
DMG ၊ နိုဝင်ဘာ ၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီး ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
တောင်ကုတ်တွင် အောက်တိုဘာလကုန်နေ့မှစ၍ AA ၏ ထိုးစစ်ဆင်မှုများစတင်ခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် ပန်းမြောက်တောင်ပေါ်သို့ ထိုးဖောက်ဝင်ရောက်ကာ အမြောက်တပ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“ဟုတ်ပါတယ်။ ပန်းမြောင်တောင်မှာရှိတဲ့ အမြောက်တပ်ကို သိမ်းလိုက်ပါပြီ။ အဲဒီတောင်က သမိုင်းဝင်ဘုရားတောင်။ သူတို့ (စစ်ကောင်စီ)က တပ်စွဲနေတာ။ အခုတော့ နောက်ထပ်တစ်နေရာမှာ တိုက်ပွဲဖြစ်နေတာ ရှိတယ်။ စစ်ကောင်စီက လေကြောင်းကနေ အဓိက ခုခံနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) လက်အောက်ခံ ပန်းမြောက်တောင်ပေါ်ရှိ အမြောက်တပ်မှာ တောင်ကုတ်မြို့နှင့် ၇ မိုင်အကွာတွင်တည်ရှိပြီး စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသော တပ်တစ်ခုလည်းဖြစ်သည်။
လက်ရှိတွင် တောင်ကုတ်မြို့နှင့် ၂ မိုင်အကွာ ဇီးကိုင်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်ကို AA က ဆက်လက်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်နေပြီး ယနေ့ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းထိ တိုက်ပွဲပြင်းထန်နေသည်။
စစ်ကောင်စီဘက်က လေကြောင်းအဓိကအသုံးပြုတိုက်ခိုက်နေပြီး မြို့ပေါ်တပ်ရင်းများမှာလည်း လက်နက်ကြီးဖြင့် အပြင်းအထန်ပစ်ကူပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့ကတည်းက ပန်းမြောက်တောင်ဘက်က နှစ်ဘက်တိုက်ပွဲသံ မကြားတော့ဘူး။ အခုကတော့ ဇီးကိုင်း တောင်နားမှာ တိုက်ပွဲပြင်းနေတယ်။ လေယာဉ်က အဲဒီတောင်အနီးမှာ ပတ်ပြီးဗုံးကြဲချတယ်။ အခုပဲ(ယနေ့ နံနက် ၁၁ နာရီ) ဗုံးကြဲပြီး ပြန်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့နယ်၊ ချောင်းကောက်ရပ်ကွက်အနီးတွင် ဇွန်လ ၁၅ ရက်မှက စစ်ကောင်စီနှင့် အာရက္ခတပ်တော် တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်မှစ၍ တိုက်ပွဲစတင်ခဲ့သည်။
သို့သော် ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းမရှိဘဲ ထိတွေ့တိုက်ပွဲများဖြင့် နှစ်ဖက်စစ်ရေးတင်းမာနေခဲ့ပြီး အောက်တိုဘာ ၃၁ ရက်တွင် AA က ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်ခဲ့၍ တိုက်ပွဲများထန်စွာ ဖြစ်ပွားလာဖြစ်သည်။
တိုက်ပွဲကြောင့် ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်နေသူများမှာ စစ်ကောင်စီ ပိတ်ဆို့ထားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲများရှိနေသည်။
“ရန်ကုန်ဘက်ကို သွားဖို့လည်း အဆင်မပြေဘူး။ မြို့က ခိုးထွက်ရတာဆိုတော့ မသွားရဲကြဘူး။ မြို့ထဲမှာကလည်း နေလို့အဆင်မပြေတော့ဘူး။ လက်နက်ကြီး၊ လေယာဉ် အကုန်လုံးကို ကြောက်နေရတယ်။ လေယာဉ်ဆိုရင် အရမ်းဝဲတယ်” ဟု မြေပြင်အခြေအနေကို သိရှိသူ တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့တွင် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅)၊ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ရှိပြီး စစ်အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်ထားသည်။
ရခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ပွင့်လင်းရာသီရောက်လာသည်နှင့်တစ်ပြိုင်နက် ပိုမိုပြင်းထန်လာနေပြီး လက်ရှိ အာရက္ခတပ်တော်က မောင်တော၊ အမ်း၊ ဂွအပြင် တောင်ကုတ်အထိ မျက်နှာဖွင့် တိုက်ခိုက်လျက်ရှိသည်။