ဂရင်ဂျိုင်ဆည်တွင် ရေခမ်းသွား၍ မင်းပြားမြို့ခံတချို့ သောက်သုံးရေ အဆင်မပြေဖြစ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အတွင်း ရေပေးဝေနေသည့် ဂရင်ဂျိုင်ဆည်တွင် ရေခမ်းခြောက်သွားသည့်အတွက် မြို့ခံများ သောက်သုံးရေအခက်အခဲဖြစ်နေသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

03 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့အတွင်း ရေပေးဝေနေသည့် ဂရင်ဂျိုင်ဆည်တွင် ရေခမ်းခြောက်သွားသည့်အတွက် မြို့ခံများ သောက်သုံးရေအခက်အခဲဖြစ်နေသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဂရင်ဂျိုင်ဆည်မှာ မင်းပြားမြို့ရှိ ပြည်သူထက်ဝက်ကျော်ခန့်ကို ရေဖြန့်ဝေပေးနေခြင်းဖြစ်ပြီး လက်ရှိဆည်အတွင်း ရေခမ်းခြောက်သွားမှုကြောင့် မြို့ခံတို့မှာ ရေကိုဝယ်ယူသုံးစွဲနေရသည်ဟု မင်းပြားမြို့ခံများက DMG ကို ပြောဆိုကြသည်။

“ကျနော်တို့မှာ အရင်တုန်းကဆိုရင် အချိန်အတိုင်းအတာတစ်ခုရောက်မှ ရေကခမ်းသွားတယ်။ အခုနောက်ပိုင်းမှာ သုံးစွဲတဲ့လူဦးရေတွေလည်း များလာတယ်။ ရှိတဲ့ရေနဲ့သုံးစွဲသူတွေ မညီမျှဘူးဖြစ်လာတယ်။ ဆိုတော့ မင်းပြားမြို့မှာ ရေကနှစ်တိုင်းလိုလိုရှားပါးတယ်။ ဂရင်ဂျိုင်ဆည်မှာ အခုဆိုရင် လုံးဝရေမရှိတော့ဘူး”ဟု ဥက္ကာပျံရပ်ကွက်မှ ဦးကျော်ဌေးက DMG ကိုပြောသည်။

ဂရင်ဂျိုင်ဆည်မှရေကို ပိုက်လိုင်းများဖြင့်သွယ်ယူကာ မင်းပြားမြို့ ရှိ ဥက္ကာပျံ၊ မြို့သစ်၊ ဈေးဟောင်းပိုင်း၊ အလယ်ပိုင်း၊ ပြည်တော်သာ စသည့်ရပ်ကွက်နေပြည်သူတို့က အဓိကသုံးစွဲနေခြင်းဖြစ်သည်။ လက်ရှိတွင် ရေရှားပါးလာမှုကြောင့် လက်လုပ်လက်စား မိသားစုများ ပိုပြီးအခက်ခဲဖြစ်နေကြကြောင်း ‌ပြောဆိုကြသည်။

“တစ်ထောင်လီတာ ရေကားတစ်စီးကို ငွေကျပ်ငါး‌ထောင်လောက်ပေးပြီးတော့ ဝယ်ယူသုံးစွဲနေရတယ်။ (ဂရင်ဂျိုင်)ရေရတုန်းက ဆိုရင်တော့ တစ်လကို အခွန်ခငါးထောင်လောက်ပဲ ပေးရတယ်။ မရှိဆင်းရဲသားတွေ‌ရော အကုန်လုံးသုံးနိုင်တယ်။ အခုဆိုရင် အကုန်လုံးဝယ်ပြီးတော့ မသုံးစွဲနိုင်ဘူး။ အဲဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း အမြန်ဆုံးကူညီဆောင်ရွက်ပေးစေချင်ပါတယ်”ဟု မြို့သစ်ရပ်ကွက်သားတစ်ဦးက ဆိုသည်။

မင်းပြားမြို့တွင် ဂရင်ဂျိုင်ဆည်အပြင် မြောင်းကြီးဆည်နှင့် ဖလောင်းပြင်ဆည်တို့ရှိနေသော်လည်း ၎င်းဆည်တို့မှရေများကို ဖြန့်ဝေပေးခြင်းမရှိသေးပေ။ ထိုဆည်တို့မှ ရေဖြန့်ဝေပေးနိုင်ပါက မင်းပြားမြို့အတွင်း ရေရှားပါးမှုနှင့်ကြုံတွေ့ရမည်မဟုတ်ကြောင့း မင်းပြားဒေသခံတစ်ဦးက ပြောဆိုသည်။

ထိုဆည်တို့မှရေများကို မြို့အတွင်းသို့ရေပေးဝေနိုင်ရန်အတွက် ရေပိုက်လိုင်းများ မတပ်ဆင်သေးခြင်း၊ ရေတွန်းစက်၊ ရေစုတ်ကန်တို့ရှိနေသော်လည်း လျှပ်စစ်မီးမရရှိသည့်အတွက် ရေပေးဝေမှုမရှိသေးခြင်းဖြစ်ကြောင်းလည်း မြို့ခံများကပြောဆိုကြသည်။

မင်းပြားမြို့ ရေအဆင်မပြေသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်ပေးမည်ကိုသိလိုသည့်အတွက် မင်းပြားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်အား DMG ကဆက်သွယ်ရာတွင် “အစည်းဝေးလုပ်နေသည် ”ဟု ဆိုသောကြောင့် တုန့်ပြန်ချက်မရရှိခဲ့ပါ။