တောင်ကုတ်တွင် ပစ်ခတ်သံများကြားရသဖြင့် ဒေသခံများစိုးရိမ်

ပစ်ခတ်မှုများရှိသောနေရာမှာ တောင်ကုတ်မြို့အနီးက နတ်မော်ကျေးရွာနှင့် ဇီးကိုင်းတောင်ကျေးရွာ အနီးအနားတွင်ဖြစ်ပြီး ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။

By Admin 08 Aug 2024

တောင်ကုတ်တွင် ပစ်ခတ်သံများကြားရသဖြင့် ဒေသခံများစိုးရိမ်

DMG ၊ ဩဂုတ် ၈ 

ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီးတွင် ဩဂုတ်လ ၇ ရက် ည ၉ နာရီအချိန် လက်နက်ငယ်ပစ်ခတ်သံများ ကြားရပြီးနောက် ယနေ့နံနက်ပိုင်းကလည်း အဆိုပါနေရာသို့ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။ 

ပစ်ခတ်မှုများရှိသောနေရာမှာ တောင်ကုတ်မြို့အနီးက နတ်မော်ကျေးရွာနှင့် ဇီးကိုင်းတောင်ကျေးရွာ အနီးအနားတွင်ဖြစ်ပြီး ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြောင်း သိရသည်။

“မနေ့ညက လက်နက်ငယ် သေနတ်သံ အချက် နှစ်ဆယ်လောက်ထွက်တယ်။ နှစ်ဘက်ပစ်ခတ်မှုလားဆိုတာကို သိပ်မသိကြဘူး။ ဒီနေ့မနက်ကလည်း အဲဒီနေရာကို စစ်ကောင်စီက လက်နက်ကြီး ၁၀ ချက်လောက်ပစ်ခဲ့တယ်။ အခု (ညနေ ၃ နာရီကျော်) လည်း ပစ်နေသေးတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်း ဟုတ်/ မဟုတ်ကို နှစ်ဘက်တာဝန်ရှိသူများထံသို့ ဆက်သွယ်နေပြီး DMG အနေဖြင့် သီးခြားအတည်မပြု နိုင်သေးပေ။ 

လက်ရှိတ တောင်ကုတ်ဒေသခံများမှာ စိုးရိမ်စိတ်မြင့်တက်နေပြီး နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လာမည်ကို ကြောက်လန့်နေကြောင်း ပြောဆိုကြသည်။

 “တိုက်ပွဲဖြစ်နေတာလို့‌လည်း သတင်းထွက်နေတယ်။ အတိကျတော့ မပြောနိုင်ကြသေးဘူး။ လူတွေကတော့ တော်တော်စိုးရိမ်နေကြပြီ။ ဒီနေ့ ကလေးတွေကိုလည်း ကျောင်းကို မပို့ကြဘူး။ တိုက်ပွဲတွေပြင်းထန်လာမလား နားစွင့်နေကြတယ်။ အားလုံးက သတိဝိရိယနဲ့ နေနေကြတယ်” ဟု တောင်ကုတ်မြို့ခံ နောက်တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်အနီးတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဘက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ယင်းနောက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီမှာ နေရပ်စွန့်ခွာလျက်ရှိသည်။ 

လက်ရှိတွင် တောင်ကုတ်မြို့ကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေး တင်းမာနေကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီက မွတ်ဆလင်လက်နက်ကိုင်များကိုပါ အင်အားဖြည့်တင်းထားပြီး နေရာအနှံ့ လုံခြုံရေးယူထားကာ မြို့အဝင်အထွက်ကိုလည်း တင်းကျပ်စွာ ပိတ်ဆို့ထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။