ဂွမြို့နယ်မှ သက်ငယ်မုဒိမ်းမှုအား အမှုပိတ်သိမ်းရာတွင်မပါဝင်စေရန် အကြောင်းကြားထားပြီး ဆက်လက်တရားရင်ဆိုင်မည်ဟုဆို

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာတွင် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်အား ပထွေးဖြစ်သူမှ အဓ္ဓမပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုအား အမှုပိတ်သိမ်းရာတွင်မပါဝင်စေရန် အကြောင်းကြားထားပြီး ဆက်လက်တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကျူးလွန်ခံရသည့်ကလေး၏ မိခင်ကပြောသည်။

05 Sep 2021

DMG ၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ မကျေးငူကျေးရွာတွင် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်အား ပထွေးဖြစ်သူမှ အဓ္ဓမပြုကျင့်သည့် သက်ငယ်မုဒိမ်းမှုအား အမှုပိတ်သိမ်းရာတွင်မပါဝင်စေရန် အကြောင်းကြားထားပြီး ဆက်လက်တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ကျူးလွန်ခံရသည့်ကလေး၏ မိခင်ကပြောသည်။

တရားရုံး၌ ချုပ်ရက်ရှည်ကြာနေသော ကြားနာစစ်ဆေးဆဲပြစ်မှုများအား ဆက်လက်စစ်ဆေးပေးရန် တရားလိုဖက်မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ လာရောက်လျှောက်ထားခြင်းမရှိပါက အမှုများကိုပိတ်သိမ်းရန်အတွက် စစ်ကောင်စီက သြဂုတ်လ ၁ ရက်နေ့တွင် ၁၇၂/၂၀၂၁ ထုတ်ပြန်ချက်ထုတ်ကာ တရားရုံးများကို ညွှန်ကြားထားသည်။

ယင်းသို့ပိတ်သိမ်းရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ လူပုဂ္ဂိုလ်တစ်ဦးဦးအားထိခိုက်နစ်နာစေသည့်ပြစ်မှု စသည့်အမှုများနှင့်ပတ်သက်၍လည်း တရားလိုဖက်မှ အမှုအားပိတ်သိမ်းလိုကြောင်း/မပိတ်သိမ်းကြောင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်ဆိုင်ရာတရားရုံးများတွင် လာရောက်လျှောက်ထားခြင်းမရှိပါက အဆိုပါအမှုအားလုံးကိုပိတ်သိမ်းပြီး စွပ်စွဲခံရသူ(တရားခံဟုဖော်ပြ)များအား လွှတ်ရမည်ဖြစ်ကြောင်း တရားရုံးများကို ညွှန်ကြားထားသည်။

ထိုသို့အမှုရုပ်သိမ်းရာတွင်မပါဝင်စေရန် ဂွမြို့နယ်မှ မုဒိမ်းမှုကျူးလွန်ခံထားရသည့်ကလေး၏မိခင်မှ အဆိုပါအမှုအား ဆက်လက်တရားရင်ဆိုင်သွားမည်ကို ဂွမြို့နယ်ရဲစခန်းသို့ အကြောင်းကြားထားကြောင်း သိရသည်။

"ဒီအမှုကို ဘယ်တော့မှလဲ ရုပ်သိမ်းမှာမဟုတ်ဘူး။ မြန်မြန်ဆန်ဆန် စစ်ဆေးပေးစေချင်တယ်။ ပြစ်ဒဏ်ရှိတဲ့သူကိုလဲ ပြစ်ဒဏ်မြန်မြန်ကျစေချင်တယ်"ဟု ကျူးလွန်ခံရသည့်ကလေး၏ မိခင်က ပြောသည်။
အဆိုပါသက်ငယ်မုဒိမ်းမှုမှာ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူအားဖမ်းဆီးထားသော်လည်း ၃ လကြာသည့်တိုင် တရားစီရင်စစ်ဆေးနိုင်ခြင်းမရှိသေးသဖြင့် အမြန်ဆုံးစစ်ဆေးပေးရန် ကလေး၏မိခင်က တောင်းဆိုသည်။

"တရားရုံးတင်စစ်ဆေးတာတွေတော့ မရှိသေးဘူး"ဟု ကျူးလွန်ခံရသည့်ကလေး၏ မိခင်ကပြောသည်။

ကျူးလွန်ခံရသည့် ကလေး၏မိခင်မှာ ငါးရောင်းဝယ်သည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး မိခင်ဖြစ်သူငါးဝယ်ယူရန်သွားနေချိန်တွင် ပထွေးဖြစ်သူမှ အဓ္ဓမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း ရုံးများပိတ်ထားခြင်းကြောင့် အဆိုပါအမှုအား စစ်ဆေးရန်ကြန့်ကြာနေခြင်းဖြစ်ပြီး တရားရုံးများ ပြန်လည်ဖွင့်လှစ်ပါက ကျူးလွန်ခံရသည့်မိန်းကလေးငယ်အတွက် အမှုကိုကူညီဆောင်ရွက်ပေးရန်စီစဉ်ထားကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ ဦးညွန့်မောင်ကပြောသည်။

လက်ရှိမှာ ၁၇၂/၂၀၂၁ ထုတ်ပြန်ချက်အရ အမှုရုပ်သိမ်းလွှာထဲတွက် ယင်းအမှုမပါရှိစေရန်အတွက် မိသားစုထံအကြောင်းကြားထားကြောင်းလည်း ၎င်းကဆိုသည်။

"အခု ၁၇၂/၂၀၂၁ အမှုရုပ်သိမ်းလွှာထဲမပါအောင် မိသားစုဝင်တွေကို ကျနော်တို့ကအကြောင်းကြားပေးထားတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့လဲပြင်ဆင်ထားတယ်။ အမှုကတော့ ခရိုင်တရားရုံးမှာရှိနေတယ်"ဟု ဦးညွန့်မောင်ကပြောသည်။

သက်ငယ်မုဒိန်းမှုကျူးလွန်ခံရသည့် ကလေး၏မိခင်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရသူဖြစ်သဖြင့် လက်ရှိကိုဗစ်ကာလတွင် စားသောက်ရေးအခက်အခဲများရှိနေကြောင်းလည်း ပြောသည်။