- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် ဂူဝဘုရားပွဲတွင် ညအချိန် ပွဲလမ်းသဘင်မကျင်းပရန် စစ်ကောင်စီတားမြစ်
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ရှိသည်ဟုဆိုကာ ညအချိန်အတွင်း ပွဲလမ်းသဘင် မကျင်းပရန် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးက လာရောက်ပြောဆိုခဲ့သည်။
01 Feb 2023
မင်းဗာဘုရင် တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ဂူဝဘုရားအား ဖူးတွေ့ရစဉ်။
DMG ၊ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် စမြုံတော်ဓာတ်စေတီတော်နှင့် ဂူဝဘုရားပွဲတွင် ညအချိန်အတွင်း ပွဲလမ်းသဘင် မကျင်းပရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ရှိသည်ဟုဆိုကာ ညအချိန်အတွင်း ပွဲလမ်းသဘင် မကျင်းပရန် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးက လာရောက်ပြောဆိုခဲ့ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“စစ်တပ်က ညပွဲ လုံးဝ ကျင်းပခွင့်မပြုပေးဘူး။ မနက် ၆ နာရီကနေ ည ၆ နာရီထိပဲ လုပ်ခိုင်းတယ်။ ကျနော်တို့မှာ ရခိုင်အဆိုတော်တွေကို ဖိတ်ထားပြီးမှ ပြန်ဖျက်ရတာမျိုးတွေရှိတယ်။ ၉ နာရီဆိုရင် ညမထွက်ရအမိန့် ၁၄၄ ထုတ်ထားတာကြောင့် ကျနော်တို့က ပွဲကို ည ၈ နာရီ အပြီးလုပ်မယ်ဆိုပြီး စီစဉ်တာပါ။ ကျနော်တို့က အချိန်အလွန်တောင်းတာ မဟုတ်ပါဘူး။ ည ၈ နာရီထိပဲတောင်းတာကို သူတို့ကခွင့်မပြုပါဘူး” ဟု ၎င်းက ပြောသည်။
သမိုင်းဝင် စမြုံတော်ဓာတ်စေတီတော်နှင့် ဂူဝဘုရားပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကာ နေ့ဘက်တွင် ရိုးရာပွဲတော်များဖြစ်သည့် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ အထုတ်သတ်ပွဲနှင့် ဖူဆယ်ဘောလုံးပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ညဘက်တွင် ဖျော်ဖြေရေးပွဲနှင့် ဇာတ်ပွဲကို ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားကြသည်။
သို့သော်လည်း လက်ရှိတွင် ညအချိန်အတွင်း ပွဲလမ်းသဘင်မကျင်းပရန် တားမြစ်ခံရသဖြင့် ဘုရားပွဲကို မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိသာ ကျင်းပရန် စီစဉ်လိုက်ရကြောင်း သိရသည်။
“အရင်ကလည်း ကျနော်တို့မှာ ဓလေ့ထုံးတမ်း အစဉ်အလာအရ ဂူဝဘုရားပွဲကို သုံးည၊ လေးည ကျင်းပကြတယ်။ အခုဆိုရင် ညပွဲကျင်းပခွင့် မရတာကတော့ ဓလေ့ထုံးတမ်းအရသော်လည်းကောင်း၊ အစဉ်အလာကိုသော်လည်းကောင်း မြို့ခံတစ်ယောက်အနေနဲ့သိပ်စိတ်မကောင်း ဖြစ်ရတယ်” ဟု ပုဏ္ဏားကျွန်းမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်ယေက ပြောသည်။
ပုဏ္ဏားကျွန်းမြို့တွင် စမြုံတော်ဓာတ်စေတီတော်နှင့် ဂူဝဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။
ရခိုင်သမိုင်းမှာ ဒုတိယမြောက်ဦးခေတ် စတင်ရာ အေဒီ ၁၅၃၁ တွင် မင်းဗာဘုရင် နန်းတက်ရာ ကုသိုလ်တော်အဖြစ် ကျောက်တောင် (၉) လုံးကို ဂူအဖြစ် ဖောက်ထွင်းပြီး ဘုရားတည်ထားကိုးကွယ်ခဲ့ရာ ဂူဝဘုရားလည်း အပါအဝင် ဖြစ်သည်။ ဂူဝဘုရားသည် ကျောက်တစ်လုံးတည်းတွင် ဂူပေါက် ၁၁ ပေါက်အထိ ဖောက်ထွင်းကာ ဂူပေါက် ၁ ခုစီတွင် ဘုရားဆင်းတုတော်များကို ထုဆစ်ပူဇော်ထားသည်။
ဂူဝဘုရားမြောက်ဘက်အနီး သာလမယ တောင်ထိပ်တွင် တည်ရှိသော စမြုံတော်ဓာတ်စေတီတော်ကို ကောဇာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမှ တည်ထားကိုကွယ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
#I001