ဂွတိုက်ပွဲ ပြင်းထန်နေဆဲ

ဂွမြို့နှင့် ၁၈ မိုင်ခန့် ကွာဝေးသည့် ကူးတို့လေးကျေးအနီးရှိ တောင်တန်းများတွင် တိုက်ပွဲပြင်းထန်နေသည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်သည်။ 

By Admin 14 Oct 2024

စစ်ရေးလေ့ကျင့်နေသော အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ဟိန်းထွန်း / Arakan Bay News)
စစ်ရေးလေ့ကျင့်နေသော အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ဟိန်းထွန်း / Arakan Bay News)

DMG ၊ အောက်တိုဘာ ၁၄ 

ရခိုင်ပြည်၊ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား နှစ်ဖက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 

ကြွေချိုင်၊ ကူးတို့လေး ကျေးရွာများအနီးရှိ တောင်တန်းများတွင် ယနေ့ အောက်တိုဘာ ၁၄ ရက်၊ နံနက် ၉ နာရီကျော်ထိ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“တိုက်ပွဲတွေကတော့ အခုအချိန်ထိ ပြင်းထန်နေတယ်။ စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေကြောင်းတွေနဲ့ အပြင်းအထန် ခုခံနေတယ်။ တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတာ” ဟု သူက ဆိုသည်။ 

ဂွမြို့နှင့် ၁၈ မိုင်ခန့် ကွာဝေးသည့် ကူးတို့လေးကျေးအနီးရှိ တောင်တန်းများတွင် တိုက်ပွဲပြင်းထန်နေသည်မှာ တစ်ပတ်ခန့် ကြာမြင့်နေပြီဖြစ်သည်။ 

အောက်တိုဘာ ၁၂ ရက်က စစ်ကောင်စီတပ်သားများသည် ကူးတို့လေးကျေးရွာမှ လူငယ်အမျိုးသား ၁၀ ဦးခန့်ကို ဖမ်းဆီးသွားပြီး ကလေးငယ်တစ်ဦးသာ ပြန်လွတ်လာသေးကြောင်း သိရသည်။ 

“ကူးတို့လေးရွာက ယောင်္ကျားလေးတွေကို မသင်္ကာလို့ဆိုပြီး ဖမ်းခေါ်သွားတာရှိတယ်။ အရမ်းငယ်တဲ့ ကလေးတစ်ယောက်ကို တစ်ရက်နဲ့တစ်ညဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်လိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ ဘယ်ခေါ်သွားလဲ မသိရဘူး” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

ကူးတို့လေးရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်လာသည့် အောက်တိုဘာ ၁၂ ရက်နေ့က ကြောက်လန့်ထွက်ပြေးသည့် ဒေသခံ ၃ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ၂ ဦးသေဆုံးပြီး ၁ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ 

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကူးတို့လေး၊ ဒယ်ဘုတ်၊ သပြုချောင်း၊ ကြွေချိုင်စသည့်ကျေးရွာများမှ ဒေသခံများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

ဂွမြို့နယ်တွင် ဩဂုတ်လမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး ဂွမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ကုလားပြင်တံတားထိပ် ရှိ ကိုင်းခုံနှင့် ဂန့်ဂေါ်တောင်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က အောက်တိုဘာ ၆ ရက်တွင် သိမ်းပိုက်ထားသည်။