စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများကို ၁၀ ရက်အတွင်းထွက်သွားရန် KNU သတိပေး

ကေအန်ယူ တပ်မဟာ (၅)နယ်မြေ ဖြစ်သည့် ဖာပွန်၊ ကမမောင်း စသည့်မြို့နယ်တို့မှ စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ ရုံးဝန်ထမ်းများကို ၁၀ ရက်အတွင်း  ထွက်ခွာကြရန်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

By Admin 02 Jan 2023

စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများကို ၁၀ ရက်အတွင်းထွက်သွားရန် KNU သတိပေး

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ ဖာပွန်မြို့ အဝင်ကိုတွေ့ရစဉ်။ / ဓာတ်ပုံ- CJ

DMG ၊ ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး လာမည့် ၁၀ ရက်အတွင်း ထွက်ခွာသွားရန် ဇန်နဝါရီ လ ၁ ရက်နေ့တွင် KNU က ထုတ်ပြန်လိုက်သည်။

ကေအန်ယူ တပ်မဟာ (၅)နယ်မြေ ဖြစ်သည့် ဖာပွန်၊ ကမမောင်း စသည့်မြို့နယ်တို့မှ စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ ရုံးဝန်ထမ်းများကို ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ ၁၀ ရက်နေ့ အထိ အချိန် ၁၀ ရက်အတွင်း  ထွက်ခွာကြရန်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းထုတ်ပြန်ချက်အတိုင်း မလိုက်နာပါက KNU က အရေးယူသွားမည်ဟုလည်း သတိပေးသည်။ ယင်းသို့ သတိပေးထုတ်ပြန်မှုကြောင့် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)အဖွဲ့ အင်အား ၂၀၀ ခန့်မှာ  ဖာပွန်မြို့နှင့် အနီးရှိ ကျေးရွာများ၌ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း ဖာပွန်မြို့ခံတစ်ဦးကပြောသည်။

“BGF တွေရော စစ်တပ်တွေပါ အင်အား ၂၀၀ ကျော်တယ်။ မြို့ထဲမှာ စစ်ကားတွေနဲ့ လှည့်တာတွေ ရှိနေတယ်။ BGF က တပ်ရင်း ၁၀၁၂ နဲ့ စစ်တပ်က ခမရ ၄၃၄ က တပ်တွေ လှည့်နေတာတွေ့ ရတယ် ” ဟု အဆိုပါမြို့ ခံက ပြောသည်။

ထိုသို့ KNU သတိပေးစာကြောင့် လက်ရှိတွင် ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ရုံးဌာနရုံးအချို့ ပိတ်ထားသည်ကို မြင်နေရကြောင်းလည်း မြို့ခံများက ပြောသည်။

“ထွေအုပ်၊ ဆည်မြောင်း၊ တရားရုံး အကုန် ပိတ်သွားတယ်။ နေ့လည် ၂ နာရီ ထဲက ပိတ်လိုက်တယ် ” ဟု မြို့ခံနောက်တစ်ဦးက ဆိုသည်။

ယင်းသို့ ဖာပွန်မြို့တွင်းရှိ ရုံးဌာနများ ပိတ်ထားမှုကြောင့် ဖာပွန်- ကမမောင်း ကားလမ်းမပေါ်၌ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့များမှာ စစ်ကားဖြင့် လှည့်လည်မှုများရှိနေသည့် အပြင် စာသင်ကျောင်း၊ ဆေးရုံ အနီးတဝိုက်၌လည်း လုံခြုံရေးယူထားကြောင်း ဒေသခံများထံက သိရသည်။

“မြို့ထဲမှာရော မြို့ပြင်မှာပါ စစ်သားတွေနဲ့ BGF တွေ ခြေရှုပ်နေတယ်။ ရုံးတွေကတော့ ပိတ်နေတာ။ စာသင်ကျောင်းတွေကိုတော့ အစောကြီး ကျောင်းဆင်းပေးလိုက်တယ် ” ဟု အဆိုပါမြို့ခံက ဆိုသည်။

ယင်းသို့ KNU ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဖာပွန်နှင့် ကမမောင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများကို ပိတ်သိမ်းရန်နှင့် အမြန်ဆုံး ထွက်ခွာကြရန် KNU က သတိပေးခဲ့မှုကြောင့် ဝန်ထမ်းရာချီမှာ မြို့အတွင်းမှ ပြောင်းရွှေ့ပေးခဲ့ရသည်။

#F004