- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကရင်နီဒေသမှ စစ်ဘေးရှောင်ကလေးများပညာသင်ကြားနေသည့် ယာယီစာသင်ကျောင်းများတွင် အကူအညီများလိုအပ်နေ
ကယား(ကရင်နီ)ဒေသရှိ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနေသည့် ယာယီစာသင်ကျောင်းများတွင် အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။
29 Apr 2022
DMG ၊ ဧပြီ ၂၉
ကယား(ကရင်နီ)ဒေသရှိ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနေသည့် ယာယီစာသင်ကျောင်းများတွင် အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။
အဆိုပါယာယီစာသင်ကျောင်းများ၌ သင်ကြားရေးကိရိယာများနှင့် အခြေခံလိုအပ်ချက်များကို လှူဒါန်းပေးကြရန်တိုက်တွန်းကြောင်း ကယန်းမျိုးဆက်လူငယ်အဖွဲ့(KGY)မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
"စစ်ဘေးရှောင်စခန်းတွေမှာ ကလေးတွေအတွက် ပညာသင်ကြားတာနောက်မကျဖို့ ယာယီစာသင်ကျောင်းတွေဖွင့်လှစ်ထားတာရှိပါတယ်။ စာသင်တဲ့ကလေးတွေအတွက် လိုအပ်ချက်ကအများကြီးပေါ့နော်။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စာရေးကိရိယာကအစ အဝတ်အစားတွေအထိ အရေးတကြီးလိုအပ်နေပါတယ်။ အလှူရှင်တွေအနေနဲ့လည်း တတ်နိုင်သလိုပါဝင်လှူဒါန်းပေးကြဖို့တိုက်တွန်းပါတယ်"ဟု ၎င်းကဆိုသည်။
အလားတူ လွိုင်ကော်မြို့နှင့်မနီးမဝေးရှိ စစ်ဘေးရှောင်များရှိ ယာယီစာသင်ကျောင်းများတွင်လည်း ကလေးငယ် ၁၀၀ ခန့် စာသင်ကြားရန်အတွက် လိုအပ်ချက်များစွာဖြစ်ပေါ်နေကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
ကရင်နီစစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးမှ "စာသင်ပေးဖို့အတွက် ဆရာ၊ဆရာမအင်အားက အနည်းအကျဉ်းပဲရှိတယ်။ အခုလွိုင်ကော်အရှေ့ဘက်ခြမ်းလိုနေရာမျိုးမှာ ဒေသခံတွေက ကျေးရွာပုံစံ ၁၂ ရွာလောက်ရှိတယ်။ ယာယီစာသင်ကျောင်းက ၁၀ ကျောင်းပေါ့။ တိုက်ပွဲတွေကြောင့် စာသင်ကြားတာမပြတ်စေဖို့ အတတ်နိုင်ဆုံးကြိုးစားနေတယ်။ စာသင်ဖို့ကလေးအရေအတွက်က တစ်ရာလောက်ရှိတဲ့အတွက် လိုအပ်ချက်တွေအများကြီးကိုရှိနေပါတယ်"ဟု ဆိုသည်။
မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ကရင်နီဒေသခံကလေးငယ် ၅၀၀၀၀ ကျော်မှာ ပညာသင်ကြားရန်အခက်အခဲဖြစ်ပေါ်နေရကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်ဒေသအတွင်း၌ မြန်မာစစ်တပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၂ သိန်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။