- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထွက်ပြေးနေရသူ ကျိုက်ထိုဒေသခံ (၄၀၀၀)ကျော်အတွက် ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်း လိုအပ်နေ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ(၄၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ခင်းများလိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
27 Jul 2022
DMG ၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ(၄၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေထိုင်ခင်းများလိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
KNU တပ်မဟာ(၁)နယ်မြေဖြစ်သော ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ(၉)ရက်မှ (၁၉)ရက်နေ့အထိ ဝင်းကံ ၊ ဇီးပြောင်းနှင့် ပျဉ်းကတိုးကုန်း၊ ကညင်အိုင်၊ ကျောက်ရေတွင်းနှင့် ရွှေဖြူကျေးရွာများအတွင်းသို့ သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမြောက်တပ်(အမတ-၃၁၀)မှ လက်နက်ကြီးများဖြင့် ညစဉ်ပစ်ခတ်နေမှုများကြောင့် ဒေသခံနေအိမ်များပျက်စီးခဲ့ရပြီး လူဦးရေ(၄၀၀၀)ကျော်မှာ နီးစပ်ရာတောင်တောင်များတွင် တိမ်းရှောင်ခိုလှုံနေရခြင်းဖြစ်သည်။
“သိမ်ဇရပ် အမြောက်တပ်က ညတိုင်း လက်နက်ကြီးနဲ့ပစ်တာ။ ၁၀ ရက်ဆက်တိုက်ပစ်တယ်။ ကျေးရွာအုပ်စုသုံးခုက ရွာသုံးရွာပေါ့။ အိမ်တွေလည်းထိတယ်။ ထွက်ပြေးလာတဲ့ ဒေသခံက ၄၀၀၀ ကျော်အထိရှိနေပြီ”ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။
လက်ရှိတွင် ထိုသို့နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်းများကို အဆင်ပြေသလို စီစဉ်နေရပြီး ထောက်ပံ့ပေးရန်အတွက် အကူအညီများစွာလိုအပ်နေသည်။
“ထွက်ပြေးလာရတဲ့ ဒေသခံတွေအတွက် လိုအပ်တာတွေ တတ်နိုင်သလောက်ကူညီပေးနေပါတယ်။ ဒါပေမယ့် တိမ်းရှောင်လာသူတွေက များပြားနေတဲ့အတွက် လိုအပ်သလောက် အကူအညီ မပေးနိုင်ဘူးဖြစ်နေတယ်။ အရေးကြီးဆုံးက နေရာထိုင်ခင်းနဲ့ ဆေးဝါးပေါ့။ နောက်ထပ်က စားနပ်ရိက္ခာလိုနေတာ” ဟု စစ်ရှောင်ကူညီပေးနေသူ နောက်တစ်ဦးကဆိုသည်။
ထို့အပြင် မုပ္ပလင်-သိမ်ဇရပ်လမ်းဆုံအနီး၌ ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်မှစပြီး စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် တပ်စွဲထားပြီး နီးစပ်ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကိုစိုးရိမ်နေရကြောင်း သိမ်ဇရပ်မြို့ခံများထံမှ သိရသည်။
“မုပ္ပလင်နဲ့ သိမ်ဇရပ်လမ်းဆုံကို စစ်တပ်တွေ တပ်အင်အားအများကြီးနဲ့ တပ်စွဲထားတယ်။ တခါတလေ လက်နက်ကြီးနဲ့ပစ်တာလည်း မကြာခဏကြားရတယ်။ တိုက်ပွဲတွေထပ်ဖြစ်မှာ စိုးရိမ်နေရပါတယ်”ဟု သိမ်ဇရပ်မြို့ခံတစ်ဦးက ဆိုသည်။
ထိုသို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီး နေ့စဉ်ပစ်ခတ်နေမှုကြောင့် ဒေသခံနေအိမ်များ ထိမှန်နေရသည်ဆိုသည့်အပေါ် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ၂၆ ရက်မှစပြီး ယခုအချိန်အထိ စစ်ကောင်စီတပ်မှ အင်အား ထပ်မံဖြည့်တင်းနေမှုကြောင့် KNU တပ်မဟာ(၁) KNLA ပူးပေါင်းအဖွဲ့နှင့် နှစ်ဖက်စစ်ရေးတင်းမာနေကာ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်၌ ထိတွေ့တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားမှုရှိနေသည်။