- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
KIO အထိမ်းအမှတ်ပွဲကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် (၆၀)ဦးထက်မနည်း သေဆုံး
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ထိန်းချုပ်နယ်မြေတွင် ယမန်နေ့(အောက်တိုဘာလ ၂၃ ရက်) ည ၈ နာရီ၌ KIO အထိမ်းအမှတ်ပွဲ ပြုလုပ်နေစဉ် မြန်မာစစ်တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲမှုကြောင့် KIA အရာရှိများ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်များနှင့် အရပ်သားပြည်သူလူထု စုစုပေါင်း (၆၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း အခြေစိုက်မီဒီယာများနှင့် ဒေသခံများထံမှ သိရသည်။
24 Oct 2022
Photo - Online
DMG ၊ အောက်တိုဘာ ၂၄
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ထိန်းချုပ်နယ်မြေတွင် ယမန်နေ့(အောက်တိုဘာလ ၂၃ ရက်) ည ၈ နာရီ၌ KIO အထိမ်းအမှတ်ပွဲ ပြုလုပ်နေစဉ် မြန်မာစစ်တပ်က လေကြောင်းမှ လာရောက်ဗုံးကြဲမှုကြောင့် KIA အရာရှိများ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်များနှင့် အရပ်သားပြည်သူလူထု စုစုပေါင်း (၆၀)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း အခြေစိုက်မီဒီယာများနှင့် ဒေသခံများထံမှ သိရသည်။
KIO အဖွဲ့တည်ထောင်ခြင်း (၆၂)နှစ်မြောက် အထိမ်းအမှတ်ပွဲတော်ကို ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာအနီး KIA/KIO တပ်မဟာ(၉)နယ်မြေ အနန့်ပါ(A Nang Pa)နေရာ၌ ဂီတဖြေဖျော်ပွဲပြုလုပ်နေစဉ် မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပွဲတော်အတွင်းရှိလူများ ထိခိုက်သေဆုံး ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းနေရာအနီးအနားရှိ ကံဆီးကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“လေယာဉ်သုံးစီးနဲ့ဝဲပြီး ဗုံးကြဲသွားတယ်။ အခုထိ ဗုံးကြဲခံရပြီးသေတာ (၆၀)ဝန်းကျင်ရှိပြီ။ အဆိုတော် တစ်ဦးလည်း သေသွားတယ်”ဟု ၎င်းကပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ကချင် ဝါရင့်အဆိုတော် ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီ(Aurali) သေဆုံးခဲ့ပြီး ကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဇော်ဒိန်(Lahtaw Zau Ding)ဆိုသူမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကချင်အနုပညာရှင်အသင်း အသိုင်းအဝိုင်းမှ သိရသည်။
ကချင်အနုပညာရှင်တစ်ဦးက “အော်ရာလီ သီချင်းဆိုနေတုန်း လေယာဉ်နဲ့ ဗုံးကြဲလိုက်တာ။ တခါထဲ ပွဲချင်းပြီးသေတယ်။ သရုပ်ဆောင် ဇော်ဒိန်ကတော့ ဒဏ်ရာအရမ်းပြင်းသွားလို့ အခုအထိသတိမရသေးဘူး”ဟု ၎င်းကဆိုသည်။
မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း KIA အရာအရှိများအပါအဝင် တေးဂီတ ပွဲတော်အတွင်း ကူညီလုပ်ကိုင်ပေးနေသည့် ကံဆီးကျေးရွာမှ ဒေသခံများမှာလည်း ထိခိုက်သေဆုံးခဲ့ကြောင်း KIA တပ်မဟာ(၉)နှင့် နီးစပ်သူများထံမှ သိရသည်။
“ပွဲတော်ထဲမှာ ဝိုင်းဝန်းကူညီပေးနေတဲ့ ဒေသခံတွေ ထိခိုက်တာ တော်တော်များတယ်။ KIA က အရာရှိတွေလည်း ထိခိုက်သေဆုံးတယ်။ KIA အရာရှိအရေအတွက်ကိုတော့ အခုအထိ ပြောပြလို့မရသေးဘူးဖြစ်နေတယ်”ဟု KIA တပ်မဟာ(၉)နှင့် နီးစပ်သူကပြောသည်။
မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA အရာအရှိများအပါအဝင် ဒေသခံ (၆၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့မှုအပေါ် KIO/KIA ဗဟိုအဖွဲ့မှ ယနေ့(အောက်တိုဘာလ ၂၄ ရက်) နံနက်ပိုင်းအထိ တစုံတရာထုတ်ပြန်ခြင်း မရှိသေးပါ။ ထို့အပြင် စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးသလို သတင်းထုတ်ပြန်ခြင်းလည်း မတွေ့ရသေးပါ။
KIO တည်ထောင်ခြင်း (၆၂)နှစ်ပြည့် အခမ်းအနားကျင်းပသည့် နေရာမှာ ကံဆီးကျေးရွာနှင့် (၂)မိုင်ခန့်အကွာ၌ တည်ရှိကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူ ၆၀ ကျော် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။