ကြာအင်းတောင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်အမြန်ဆုံး တာဝန်ချပေးရန် မြေပုံဒေသခံများ လိုလားနေ

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်တိုက်နယ်ဆေးရုံတွင် ဆေးရုံစတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ လက်ရှိ ၂ နှစ်ကြာသည်အထိ တာဝန်ကျဆရာဝန်များ ရောက်မလာသဖြင့် ကျန်းမာရေးကဏ္ဍတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများကဆိုကြသည်။

By Admin 05 Dec 2022

ကြာအင်းတောင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်အမြန်ဆုံး တာဝန်ချပေးရန် မြေပုံဒေသခံများ လိုလားနေ

မြေပုံမြို့နယ်၊ ကြာအင်းတောင်တိုက်နယ်ဆေးရုံအားတွေ့ရစဉ်

DMG | ဒီဇင်ဘာ ၅

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်တိုက်နယ်ဆေးရုံတွင် ဆေးရုံစတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ လက်ရှိ ၂ နှစ်ကြာသည်အထိ တာဝန်ကျဆရာဝန်များ ရောက်မလာသဖြင့် ကျန်းမာရေးကဏ္ဍတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများကဆိုကြသည်။

အဆိုပါ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် ဒေသခံများမှာ ကျေးရွာနှင့် ၂၅ မိုင်ခန့် ကွာဝေးသည့် မင်းပြားဆေးရုံကြီးနှင့် ၁၈ မိုင်ခန့်ကွာဝေးသည့် မြေပုံဆေးရုံကြီးတို့တွင် ကုန်းလမ်း/ရေလမ်းတို့မှ အဆင့်ဆင့်သွားပြီး ဆေးကုသမှုခံယူနေရသည်ဟု ကြာအင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ခင်ရွှေက DMG ကို ပြောသည်။

“ စက်လှေနဲ့တစ်ခါ၊ ကားနဲ့တစ်ခါ အဲဒီလို အဆင့်ဆင့်သွားရတယ်။ ဒါပေမဲ့ အခုက ခေတ်ကာလလည်း မကောင်းတော့ အရင်ကလို သွားလို့ အဆင်မပြေတော့ဘူး။ လမ်းခရီးအခြေနေတွေကို စုံစမ်းရသေးတယ်။ ဆိုတော့ အရေးပေါ်လူနာတွေအတွက် အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။

ကြာအင်းတောင်တိုက်နယ်ဆေးရုံကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံစတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ ယခုနှစ် ဒီဇင်ဘာလအထိ တာဝန်ကျဆရာဝန်မှာ ရောက်ရှိလာခြင်းမရှိသေးဟု ရွာသားများက ပြောဆိုကြသည်။

ယင်းအပြင် သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနကို ဆရာဝန်ချပေးရေးအတွက် စာတင်ပြတောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ထူးခြားလာမှုမရှိသေးဟု ဆိုသည်။

လက်ရှိတွင် ကြာအင်းတောင်တိုက်နယ်ဆေးရုံ၌ သူနာပြုအပါအဝင် ဆေးရုံဝန်ထမ်းစုစုပေါင်း လေးဦးရှိပြီး ဖျားနာရောဂါအဆင့်သာ ကုသ၍ရသည့်အတွက် ဆရာဝန်အား အမြန်ဆုံးခန့်အပ်ချထားပေးရန် ကျေးရွာများက တောင်းဆိုကြသည်။

“ အရေးပေါ်ဖြစ်လာရင် ကားအဆင်သင့်မရှိတာတွေကြောင့် လူနာအတွက် ကြန့်ကြာမှုတွေဖြစ်စေတယ်။ အသက်အန္တရာယ်အထိ စိုးရိမ်ရတယ်။ ဒီကတိုက်နယ်ဆေးရုံမှာက ဖျားနာတာတွေ ကိုယ်ဝန်ဆောင်ကလေးတွေမွေးဖို့ပဲ အဆင်ပြေပါတယ်။ ဆရာဝန်ရှိရင် တခြားရောဂါတွေလည်း အဆင်ပြေမယ်။ အဲဒါကြောင့် ကျနော်တို့ရွာကို ဆရာဝန်အမြန်ဆုံးချပေးစေချင်ပါတယ် ” ဟု ကြာအင်းတောင်ကျေးရွာမှ ကိုနိုင်မင်းထွန်းက ပြောသည်။

တိုက်နယ်ဆေးရုံးရှိသော်လည်း ဆရာဝန်မရှိသည့်အတွက် အရေးပေါ်လူနာအချို့မှာ အခြားဆေးရုံများတွင် ကုသမှုခံယူရန် သွားရောက်ရာလမ်းခရီး၌ အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ကြာအင်းတောင်ရွာသားများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကြာအင်းတောင်ကျေးရွာမှ ဦးတင်အောင်ကြီးသည် သွေးတိုးရောဂါဖြစ်ပြီး ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ ဆရာဝန်မရှိသည့်အတွက် မင်းပြားဆေးရုံသို့ ပို့ဆောင်ရာတွင် အချိန်ကြန့်ကြာသွား၍ အသက်ဆုံးရှုံးခဲ့ရကြောင်း ဇနီးဖြစ်သူ ဒေါ်မခင်သိန်းက ပြောသည်။

“ ကိုယ့်ရွာက တိုက်နယ်ဆေးရုံမှာ ဆရာဝန်ရှိခဲ့ရင် အဲဒီလိုဖြစ်မှာမဟုတ်ဘူး။ သူဆုံးသွား‌တော့ ကျမ အရမ်းခံစား ခဲ့ရတယ်။ အဲဒါကြောင့် ဒီကတိုက်နယ်ဆေးရုံမှာ ဆရာဝန်မြန်မြန်ချပေးစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်နှင့် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်တို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ကြာအင်းတောင်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ကြာအင်းတောင်တိုက်နယ်ဆေးရုံကို အနီးရှိ ကျေးရွာပေါင်း ၂၄ ရွာခန့်မှ အားထားမှီခိုနေရကြောင်း ဒေသခံများထံမှ သိရသည်။