ကယား(ကရင်နီ)ပြည်နယ်မှ စစ်ရှောင်စခန်းများ၌ ကလေးငယ်များ ရာသီတုပ်ကွေးကူးစက်ခံနေရ

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများ၌ ကလေးငယ်များ ရာသီတုပ်ကွေးကူးစက်ခံရမှုများပြားလာနေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

29 May 2022

Photo Credit - ကရင်နီပြည် စစ်ဘေးရှောင်ကူညီလုပ်ဆောင်ရေးကွန်ယက်။

DMG ၊ မေ ၂၉

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများ၌ ကလေးငယ်များ ရာသီတုပ်ကွေးကူးစက်ခံရမှုများပြားလာနေကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ယခုမေလ တတိယအပတ်မှစပြီး အဆိုပါစစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးကူးစက်ခံရမှုဖြစ်လာကာ လက်ရှိတွင် စခန်းတစ်ခု၌ အနည်းဆုံးကလေးငယ်ဦးရေ ၁၀၀ ကျော်ခန့် ကူးစက်ခံနေရသည်ဟု စစ်ရှောင်များကိုကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးမှပြောသည်။

"အခုမိုးရွာတာ ပိုများလာတယ်။ စိုစွတ်တာလည်းပါတယ်ပေါ့။ ကူးစက်ခံနေရတာက အရင်မေလတတိယပတ်ထဲက။ အခုအပတ်ဆို ပိုပြီးများလာတယ်။ လောလောဆယ်က အယောက် ၁၀၀ ကျော်နီးပါးရှိလာတယ်။ ဒီထက်လည်းများနိုင်တယ်"ဟု ၎င်းမှပြောသည်။

ရာသီတုပ်ကွေးကူးစက်မှုမှာ စစ်ရှောင်စခန်းများမှ ကလေးများအပြင် သက်ကြီးပိုင်းများလည်း ဖြစ်ပွားမှုရှိသည်ဟု ၎င်းကျန်းမာရေးဝန်ထမ်းက ဆက်ပြောသည်။

ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ရှမ်း-ကယားနယ်စပ်ဒေသ ကားလမ်းမတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို နှစ်ဖက်တပ်များကပိတ်ပင်ထားသည်။

ထိုသို့လမ်းပိတ်ထားမှုကြောင့် စစ်ရှောင်စခန်းများအတွက်လိုအပ်သည့် ဆေးဝါးများပေးပို့ရန် အခက်အခဲဖြစ်နေသည်ဟု စစ်ရှောင်စခန်းများသို့ ဆေးဝါးထောက်ပံ့ကူညီနေသူများထံမှ သိရသည်။

"ရှမ်းနဲ့ကယားနယ်စပ်ဖြစ်တဲ့ ကားလမ်းမရယ်၊ ဒီးမော့ဆိုကနေ ရှားတောသွားတဲ့လမ်းရယ်ကို စစ်ကောင်စီတပ်တွေက တစ်ပတ်ပိတ်ထားလိုက်တယ်။ အဲဒီလိုပိတ်လိုက်တော့ စစ်ရှောင်စခန်းတွေအတွက် ဆေးဝါးတွေပေးပို့ဖို့ အခက်အခဲဖြစ်ကုန်တာပေါ့"ဟု စစ်ဘေးရှောင်ဆေးဝါးထောက်ပံ့ရေး လုပ်ဆောင်နေသူတစ်ဦးကပြောသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးကူးစက်ခံရသူအရေအတွက်အတိအကျကို လန်တလောတွင် မသိရသေးပေ။