ကော့ကရိတ်မြို့အတွင်း တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းတွင် ယနေ့(အောက်တိုဘာလ ၂၁ ရက်) နံနက် ၇ နာရီကျော်မှ၍ နေ့လည်ပိုင်းအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ကာ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။

By Admin 21 Oct 2022

ကော့ကရိတ်မြို့အတွင်း တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိနေ

ယနေ့တိုက်ပွဲအတွင်း ကော့ကရိတ်မြို့တွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့မှုနှင့် စစ်တပ်သုံး ဂျက်တိုက် လေယာဉ်တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ-CJ

DMG ၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းတွင် ယနေ့(အောက်တိုဘာလ ၂၁ ရက်) နံနက် ၇ နာရီကျော်မှ၍ နေ့လည်ပိုင်းအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ တစ်ဦးသေဆုံးခဲ့ကာ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။

ကော့ကရိတ်မြို့ရှိ ကနိမ်းမူရပ်ကွက် အမှတ်(၃)မှ မြို့အဝင်စစ်ဆေးရေးဂိတ်အနီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် စုပေါင်းရုံး အနောက်ဘက်၌ ယနေ့နံနက်ပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ပစ်ခတ်သံများ ကြားနေရကြောင်း ခနိမ်းမူရပ်ကွက် ဒေသခံများကပြောသည်။

“ပထမ လက်နက်ကြီးပစ်တဲ့အသံ အရင်ကြားတယ်။ နောက်တော့ သေနတ်ပစ်ခတ်သံတွေကြားရမှ တိုက်ပွဲဖြစ်နေပြီလို့ သိရပါတယ်။ မြို့တွင်းနဲ့အနီးအနား လေးမှာပဲ ဖြစ်နေကြတာ”ဟု ခနိမ်းမူရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ယနေ့ နံနက်(၇)နာရီခွဲခန့်မှ နေ့လည်(၁၁)နာရီကျော်အချိန်အထိ ကော့ကရိတ်မြို့တွင်း အနီး၌ စစ်ကောင်စီ လက်အောက်ခံ ခမရ(၉၇)တပ်နှင့် ကေအန်ယူတပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဟု နောက်ထပ် ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။

“မနက် ၇ နာရီကျော်ကနေ အခုအထိ ပစ်ခတ်နေတုန်းပဲ။ လက်နက်ကြီးနဲ့ ပစ်သံကော၊ လေယာဉ်နဲ့ ဗုံးကြဲတဲ့ အသံတွေပါ ကြားနေတယ်။ အိမ်ပါတုန်သွားတယ်”ဟု ၎င်းဒေသခံကဆိုသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကော့ကရိတ်မြိုနယ် ရေနံဆီကုန်းရပ်ကွက်၊ ပန်းခြံတန်းလမ်းမတန်းရှိ “အလှနန်းတော်” အလှပြင်ဆိုင်ရှေ့အပါအဝင် နေအိမ်များသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းပွင့်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားနှစ်ဦးမှာ ခြေထောက်၊ လက်နှင့် ဝမ်းဗိုက်တို့၌ ကျည်စထိမှန်(ပြင်းထန်) ဒဏ်ရာများရရှိခဲ့ကြသည်။

ရေနံဆီကုန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “ဆိုင်ကယ်နဲ့ ပဲပုတ်ခြောက်လိုက်ရောင်းသူ တစ်ယောက်က လက်နက်ကြီးကျည်မှန်ပြီး သေတယ်။ ကျန်တဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးက ဒဏ်ရာပြင်းတယ်။ ကော့ကရိတ်ဆေးရုံကို ပို့ထားလိုက်ရတယ်”ဟု ပြောသည်။

လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများ ရှိနေကြောင်းလည်း သိရသည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကနိမ်းမူရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့မှ နေအိမ်(၁၀)လုံးခန့်မှာ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။