- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင် ပထမဦးဆုံးအကြိမ် ဒေသထွက် ကုန်စည်ပြပွဲပြုလုပ်
ကုန်စည်ပြပွဲတွင် ငါး၊ ပုဇွန်၊ ကယုကမာ၊ ဂဏန်း စသည့် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား စသည့် ထုတ်ကုန်ပစ္စည်းများအပါအဝင် ဒေသထွက် အခြားကုန်ပစ္စည်းများကို ခင်းကျင်းပြကာ ရောင်းချနေခြင်းဖြစ်သည်။
31 Jan 2023
ကျောက်ဖြူတွင် ပြုလုပ်နေသည့် ဒေသထွက် ကုန်စည်ပြပွဲ မြင်ကွင်းများ။/ ဓာတ်ပုံ - ဦးထွန်းကြွယ်
DMG ၊ ဇန်နဝါရီ ၃၁
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ပထမဦးဆုံးအကြိမ် ဒေသထွက် ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းက ရမ္မာဝတီမြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် ငါး၊ ပုဇွန်၊ ကယုကမာ၊ ဂဏန်း စသည့် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ဆီ၊ ဆား စသည့် ထုတ်ကုန်ပစ္စည်းများအပါအဝင် ဒေသထွက် အခြားကုန်ပစ္စည်းများကို ခင်းကျင်းပြကာ ရောင်းချနေခြင်းဖြစ်သည်။
ကျောက်ဖြူခရိုင်အတွင်းရှိ လုပ်ငန်းရှင် ၂၂ ဦး၏ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြနေခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုခဲ့သည့် စစ်ကောင်စီဌာနဆိုင်ရာ တာဝန်ရှိသူများကို လုပ်ငန်းရှင်များက မွေးမြူ၊ ထုတ်လုပ်၊ ရောင်းချရေး လုပ်ငန်များလည်ပတ်ရာတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ လိုအပ်နေမှုများကို တင်ပြပြောဆိုခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်ဆားလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ကိုထွန်းကြွယ်က ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ “မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်က ရခိုင်ကဆားကို ဝယ်ယူမယ်လို့ သိရတယ်။ ဒါပေမဲ့ ဆားလုပ်တဲ့ တောင်သူတွေအတွက် မိရိုးဖလာ ရိုးရိုးဆားထုတ်လုပ်ငန်းကနေ အရည်အသွေးပြည့်မီတဲ့ ဆားကို ထုတ်လုပ်နိုင်ဖို့ နည်းပညာနဲ့ ငွေကြေးအခက်အခဲတွေ ရှိနေကြတယ်။ ဒါကြောင့် ဆားတောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သက်ဆိုင်တဲ့လူကြီးတွေ သိရှိအောင်လို့ ဒီပွဲမှာ ဆားထုတ်လုပ်ငန်းကို ပါဝင်ပြသရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကုန်စည်ပြပွဲကို ရခိုင်ပြည်နယ် စစ်ကောင်စီက ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်ကျယ်ပြန့်လာရန်နှင့် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များ ပေါ်ပေါက်လာရန်အတွက် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုမြင့်က ပြောသည်။
“အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတစ်နိုင်ငံမှာ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ MSME လုပ်ငန်းလေးတွေကို ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ဖို့ကို ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ပေးတာပါ” ဟု ဒေါ်ညိုညိုမြင့်က ပြောသည်။
လက်ရှိ ကျောက်ဖြူက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များမှာ လုပ်ငန်းတိုးချဲ့လည်ပတ်ရန် နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များ ရှိနေကြပြီး ယခုကုန်စည်ပြပွဲမှတစ်ဆင့် ကူညီထောက်ပံ့မှုများရရှိရန် လိုလားနေကြသည်။
ကုန်စည်ပြပွဲတွင် ပါဝင်ပြသနေသည့် ကယုကမာ မွေးမြူရေးလုပ်ငန်းရှင် ဦးခင်အေးမောင်က “ကျနော့်ရဲ့ ကယုကမာ မွေးမြူရေးလုပ်ငန်းက အောင်မြင်မှုရှိပါတယ်။ ဒါပေမဲ့ ဒီထက် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့တော့ ငွေကြေးအခက်အခဲတွေ ရှိနေတယ်။ ဒီအခက်အခဲတွေကို အကူညီထောက်ပံ့မှုတွေ ရရှိနိုင်ဖို့ ဒီပြပွဲမှာ ပါဝင်ပြသတာပဲ ဖြစ်ပါတယ်” ဟု ဦးခင်မောင်အေးက ပြောသည်။
အဆိုပါ ကုန်စည်ပြပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ထိ နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ နှစ်ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ညဘက်တွင် စတိတ်ရှိုးပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။
#I008