- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူတွင် ရောဂါအခံရှိ ကိုဗစ်အတည်ပြုလူနာ နှစ်ဦး မနေ့က သေဆုံးဟု ကူညီသူများပြော
ကျောက်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်အတည်ပြုလူနာနှစ်ဦး မနေ့က ဇူလိုင်လ ၂၃ ရက်နေ့ ညနေက သေဆုံးသွားသည်ဟု ကူညီနေသူများထံမှ သိရသည်။
24 Jul 2021
DMG ၊ ဇူလိုင် ၂၄
ကျောက်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်အတည်ပြုလူနာနှစ်ဦး မနေ့က ဇူလိုင်လ ၂၃ ရက်နေ့ ညနေက သေဆုံးသွားသည်ဟု ကူညီနေသူများထံမှ သိရသည်။
သေဆုံးသွားသူများမှာ အသက်ကြီးပိုင်းများဖြစ်ကြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့မှာ ရောဂါအခံရှိကြောင်း ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဌ ကိုဂျပန်ကြီးက ပြောသည်။
" အခု ကိုဗစ်နဲ့ဆုံးသွားတာ ၂ ယောက်ပါ၊ အသက် ၈၀ လောက်တော့ ရှိမယ်ထင်တယ်၊ အဲဒီအဖိုးအိုက ဟိုတစ်နေ့ ညကရောက်တာ၊ မနေ့က မနက်ဆေးရုံတင်တယ်၊ ရန်ကုန်ကပြန်လာတာ၊ သူ့မှာက ရောဂါအခံတွေနဲ့ ရန်ကုန်မှာဆေးကုနေတာပါ၊ နောက်ထပ်တစ်ယောက်ကတော့ အသက် ၇၀ အရွယ် အဖွားအိုတစ်ဦးပါ၊ မနေ့က မနက်မှာပဲ အသက်ရှုကျပ်တယ်ဆိုပြီးတော့ ဖုန်းဆက်လာလို့ ကျွန်နော်တို့ ဆေးရုံကိုပို့လိုက်တယ်၊ မနေ့က မနက် သူတို့ ၂ ယောက်လုံးကို စစ်တော့ positive ထွက်ပါတယ်" ဟု ပြောသည်။
သေဆုံးသွားသူများမှာ အသက်ရှုကျပ်သည့်ရောဂါရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ကျောက်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
၎င်းတို့မှာ ရန်ကုန်မြို့က ပြန်လာကြသူများဖြစ်ပြီး ကျောက်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရာကနေ အသက်ရှုကျပ်သည့်ရောဂါအခံဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၂၁၈ ဦးရှိပြီး သေဆုံးသွားသူ ၈ ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၆၇ ဦးရှိကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းထံမှ သိရသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ဇူလိုင်လ ၂၂ ရက်နေ့စာရင်းအရ ယခု ကိုဗစ်တတိယလိုင်းတွင် ၁၉၂၈ ဦးရှိကြောင်း၊ သေဆုံးသူ ၈၃ ဦးအထိရှိကြောင်း၊ ဆေးရုံဆင်း ၇၉၀ ရှိကြောင်းနှင့် ကုသဆဲကိုဗစ်လူနာ ၁၀၅၅ ဦးရှိကြောင်း သိရသည်။