- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နှစ်နှစ်ခန့်ကြာဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာသားများအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊မတင်သင့် အမိန့်ချမည်
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ(၅)ဦးကို လာမည့်ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စွဲချက်တင်သင့်၊မတင်သင့်အမိန့်ချမှတ်မည်ဟု သိရသည်။
06 Jan 2022
DMG ၊ ဇန်နဝါရီ ၆
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ(၅)ဦးကို လာမည့်ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စွဲချက်တင်သင့်၊မတင်သင့်အမိန့်ချမှတ်မည်ဟု သိရသည်။
၎င်းတို့ ၅ ဦးသည် စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး ယမန်နေ့(ဇန်နဝါရီလ ၅)ရက်နေ့တွင် စွဲချက်တင်သင့်၊မတင်သင့် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG သို့ပြောသည်။
“မနေ့ကရုံးချိန်းမှာ စွဲချက်နဲ့ပတ်သက်ပြီးတော့ စွဲချက်တင်သင့်၊မတင်သင့် နှစ်ဘက်လျှောက်လဲချက် ကြားနာပါတယ်။ ကျွန်တော်တို့ဘက်ကတော့ စွဲချက်မတင်သင့်ကြောင်းကို လျှောက်လဲချက်ပေးတယ်။ သူတို့ဘက်ကတော့ ရဲသားလျှောက်လဲချက်တင်တော့ ဘယ်လိုလျှောက်လဲချက်ပေးလဲတော့မသိရဘူး။ တရားလိုဘက်ကလျှောက်လဲချက်ပေးတော့ စွဲချက်တင်ဖို့ပဲဖြစ်မှာပေါ့။ အများအားဖြင့် နိုင်ငံတော်ဘက်ကလိုက်ပါတာဆိုတော့လေ”ဟု ၎င်းကပြောသည်။
လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊မတင်သင့်ကို တရားရုံးက အမိန့်ချမှတ်မည်ဖြစ်ပြီး စွဲချက်မတင်သင့်ကြောင်း တရားရုံးက ဆုံးဖြတ်လျှင် တရားရှင်လွတ်မြောက်မည်ဖြစ်ပြီး စွဲချက်တင်သင့်သည်ဟုအမိန့်ချမှတ်ပါက ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်သည်။
တရားစွဲဆိုခံထားရသူများအနက် ညီညီအောင်၏မိခင်ဖြစ်သူကမူ ငွေရေးကြေးရေးအခက်အခဲရှိသောကြောင့် ယမန်နေ့ကရုံးချိန်းကို မသွားရောက်နိုင်ခဲ့ပေ။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရုံးချိန်းသို့သွားရာတွင် သားဖြစ်သူနေမကောင်းသဖြင့် ငွေကျပ်တစ်သိန်းကျော်ခန့် ကုန်ကျမှုရှိခဲ့သောကြောင့် ငွေကြေးအခက်အခဲဖြစ်ပေါ်သဖြင့် ယမန်နေ့ကရုံးချိန်းသို့ မသွားရောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူဒေါ်နီနီက ပြောသည်။
“မနေ့ကရုံးချိန်းကို ရှေ့နေကိုမေးကြည့်တော့ ၁ လပိုင်း ၁၂ ရက်နေ့မှ သိရမယ်လို့ပြောတယ်။ ဥပဒေအရ အရေးယူတရားစွဲရင် ဆက်ပြီးရုံးတက်ရမယ်တဲ့။ တရားမစွဲရင် ချက်ချင်းပြန်လွှတ်မယ်လို့ပြောတယ်။ တရားစွဲဖို့ အမှုတော့ထိရောက်မှုမရှိဘူး။ ဘာအပြစ်မှလည်း ရှာမတွေ့ဘူးလည်းပြောတယ်။ သားပြန်လွတ်မယ်လို့ထင်တယ်။ မလွတ်ခဲ့ရင်တော့ ကျွန်မအရမ်းခံစားရမယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ်ကြသည်။ လက်ရှိတွင် ၎င်းတို့သည် စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရပြီး အမှုရင်ဆိုင်နေရသည်မှာ နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား(၃၈)ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၃၃)ဦးကိုပြန်လွှတ်ပေးခဲ့သည်။ သို့သော် ကိုညီညီအောင်အပါအဝင် (၅)ဦးကို ဆက်လက်ဖမ်းဆီးပြီး ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ၂၀၂၀ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များက ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်မေးမြန်းနေသည့်ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။
ယင်းဗီဒီယိုဖိုင်မှာပါသည့်အတိုင်း ဖြစ်စဉ်မှန်ကန်သည့်အတွက် ထိုသို့လုပ်ဆောင်ခဲ့သူများအား စစ်စည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု မြန်မာစစ်တပ်က ထုတ်ပြန်ထားသည်။ သို့သော် ယင်းတပ်ဖွဲ့ဝင်များကို အရေးယူမှုရှိ၊မရှိ မြန်မာစစ်က ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။
မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အစည်းမှပယ်ဖျက်ပေးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူအချို့ကို လွှတ်ပေးခဲ့သည်။ သို့သော် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားများအမှု၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသားများအမှုကဲ့သို့ လူသိထင်ရှားသည့်အမှုများကိုမူ ရုပ်သိမ်းခြင်းမရှိပေ။