မြန်မာစစ်တပ်က ဟန့်တားထားသဖြင့် ကျောက်တော်မြို့အထွက်တွင် ခရီးသည်တင်ကားများ ပိတ်မိနေ

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က ပိတ်ဆို့ဟန့်တားထားသဖြင့် ကျောက်တော်မြို့အထွက်ဂိတ်တွင် စစ်တွေ-ရန်ကုန်ခရီးသည်တင်ကားများ အပါအဝင် တခြားခရီးသည်ကားများလည်း နာရီနှင့်ချီ ပိတ်မိလျက်ရှိနေသည်။

25 Sep 2022

DMG ၊ စက်တင်ဘာ ၂၅

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ မြန်မာစစ်တပ်က ပိတ်ဆို့ဟန့်တားထားသဖြင့် ကျောက်တော်မြို့အထွက်ဂိတ်တွင် စစ်တွေ-ရန်ကုန်ခရီးသည်တင်ကားများ အပါအဝင် တခြားခရီးသည်ကားများလည်း နာရီနှင့်ချီ ပိတ်မိလျက်ရှိနေသည်။

လက်ရှိတွင် အဆိုပါဂိတ်တွင် ခရီးသည်တင်ကားကြီး ၁၀ ကျော်ပိတ်မိနေသည်။ ခရီးသည်တစ်ဦး၏အဆိုအရ ၎င်းတို့ကားမှာ ၈ နာရီခွဲမှစ၍ ပိတ်မိနေခြင်းဟုဆိုသည်။

"အချိန်မှန်မရောက်ရင် အိမ်ကလူတွေ စိတ်ပူရတယ်။ ကိုယ်တိုင်လည်းစိတ်ပူတယ်။ တစ်ရက်လုံး မသွားဘဲနေရမှာကိုလည်း စိတ်ပူတယ်။ အခုကျမတို့က မနက် ၅ နာရီကနေ စစ်တွေကထွက်လာတာ၊ ဘာမှလည်း မစားရသေးဘူး"ဟု အဆိုပါခရီးသည်က ပြောသည်။

စစ်တွေမှထွက်လာသည့် လမ်းတစ်လျှောက်တွင်လည်း အနည်းဆုံး လေးနေရာခန့်တွင် ခရီးသည်များကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက မှတ်ပုံတင်များကိုစစ်ဆေးခြင်း၊ ကားသမားများကို လိုင်စင် စစ်ဆေးခြင်းများပြုလုပ်နေသည်။

လက်ရှိတွင် ရခိုင်ပြည်အနှံ့ မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက် မြို့၊ရွာအနှံ့ တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်နေသည်။