အကြမ်းဖက်မှုနှင့် တစ်နှစ်ကျော်ကြာတရားရင်ဆိုင်နေရသည့် တောင်ကုတ်ဒေသခံ ကိုသန်းနိုင် ကျန်းမာရေးမကောင်းသဖြင့် မိသားစုစိုးရိမ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ အကြမ်းမှုတိုက်ဖျက်ရေးဥပဒေဖြင့် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ဦးသန်းနိုင်မှာ ကျန်းမာရေးမကောင်းသဖြင့် မိသားစုမှ စိုးရိမ်မှုရှိနေကြသည်။

29 Oct 2021

DMG ၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ အကြမ်းမှုတိုက်ဖျက်ရေးဥပဒေဖြင့် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ဦးသန်းနိုင်မှာ ကျန်းမာရေးမကောင်းသဖြင့် မိသားစုမှ စိုးရိမ်မှုရှိနေကြသည်။

ကိုသန်းနိုင်မှာ ထောင်အတွင်း ကျန်းမာရေးမကောင်းဖြစ်နေသည့်အတွက် တစ်စုံတစ်ရာဖြစ်သွားမည်ကိုစိုးရိမ်နေရကြောင်း ညီမဖြစ်သူ မသန်းသန်းဆင့်က ပြောသည်။

"အခုအကိုက နေမကောင်းဖြစ်နေတယ် စိတ်ဓာတ်လဲကျနေပုံပေါ်တယ်။ နေမကောင်းဖြစ်တာတော့ တစ်ပတ်လောက်ရှိနေပြီပြောတယ်။ ရုံးထုတ်တော့လဲ ဘာမှမထူးဘူး။ တရားလိုဖက်က မရောက်တော့ ထုတ်ပြဖြစ်နေတယ်။ ကျန်းမာရေးမကောင်းဖြစ်နေတော့ သူ့အတွက်စိုးရိမ်နေမိတယ်"ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာ၊ ကမာကျေးရွာနှင့် ဆားပြင်ကျေးရွာတို့မှ ဒေသခံ ၉ ဦးကိုဒရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသော သံသယဖြင့် ၂၀၂၀ ပြည့်နှစ်ဒဇွန်လ ၂ ရက်နေ့တွင် စစ်တပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၉ ဦးထဲမှ ဦးစံချစ်အောင်ပါ ၃ ဦးမှာ ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြန်လည်လွတ်မြောက် လာခဲ့သည်။

လက်ရှိမှာ ကိုသန်းနိုင်အပါအဝင် ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း(ခ)ငေမာ့၊ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်၊ ဌေးမောင်တို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ဈ)၊ ၅၀ (ည)တို့ဖြင့် တရားရင်ဆိုင်နေရသည်။

၎င်းတို့ ၆ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ခလရ ၂၇ မှ အရာရှိတစ်ဦးနှင့် ခလရ ၅၁ မှ အရာရှိတစ်ဦးတို့က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။ သို့သော် ရုံးချိန်း(၁၆)ကြိမ်အထိ တရားလိုဖက်မှလာရောက်ခြင်းမရှိသေးကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

ကိုသန်းနိုင်ပါ ၆ ဦး၏အမှုကို နိုဝင်ဘာလ ၁၀ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရသူ ၂၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိတွင် အကြမ်းဖက်မှုများကိုရုပ်သိမ်းပေးသဖြင့် လွတ်မြောက်လာသူအချို့ရှိသော်လည်း မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။