နှစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာသားများအမှု အပြီးသတ်လျှောက်လဲချက်ပေးရန် ရုံးချိန်းထပ်ရွှေ့

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို ယနေ့(ဧပြီလ ၂၁ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ပေးရန် ချိန်းဆိုခဲ့သော်လည်း တရားသူကြီးမရောက်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေထံမှသိရသည်။

21 Apr 2022

DMG ၊ ဧပြီ ၂၁

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို ယနေ့(ဧပြီလ ၂၁ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်လျှောက်လဲချက်ပေးရန် ချိန်းဆိုခဲ့သော်လည်း တရားသူကြီးမရောက်သဖြင့် ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေထံမှသိရသည်။

ယနေ့ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်သော်လည်း တရားသူကြီးမရောက်၍ လာမည့်ဧပြီလ ၂၈ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG ကိုပြောသည်။

“တရားသူကြီးမရှိလို့ လျှောက်လဲချက်ပေးမှာကို ရှေ့အပတ်ကိုရွှေ့လိုက်တယ်။ ဒီနေ့ ရုံးထုတ်ပါတယ်။ လျှောက်လဲချက်မပေးဖြစ်တာပါ။ နောက်အပတ် မေလ ၅ ရက်နေ့ကိုချိန်းလိုက်တယ်” ဟု ၎င်းကဆိုသည်။

၎င်းတို့ ၅ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခံထားရကာ တရားရင်ဆိုင်နေရသည်မှာ နှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ် သည်။

ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ကျေးရွာသားများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်ကြသည်။

အဆိုပါကျောက်ဆိပ်ရွာသား ၅ ဦးမှာ ဖမ်းဆီးချုပ်နှောင်စဉ်ကာလအတွင်းက တပ်မတော်ရေယာဉ်ပေါ်တွင် စစ်သားများ၏ ထိုးကြိတ်ကန်ကျောက်နှိပ်စက်ခြင်းကို ခံခဲ့ရသည်။

၎င်းတို့ အမှုရင်ဆိုင်နေရသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်သော်လည်း ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေသောကြောင့် မိသားစုဝင်များမှာ ငွေရေးကြေးရေးအခက်အခဲရှိသောကြောင့် ယနေ့ရုံးချိန်းသို့ မလာရောက်နိုင်ဟု ကိုမင်းစိုး၏မိခင် ဒေါ်စိန်ဝင်းဖြူကပြောသည်။

“၂ နှစ်ရှိသွားပြီ။ ရုံးချိန်းလာဖို့ ပိုက်ဆံလည်းမရှိတော့ဘူး။ တစ်လလည်းမဟုတ်၊ နှစ်လလည်းမဟုတ်ဘူး။ ၂ နှစ်ပြည့်ပြီ။ မိသားစုဝင်တွေလည်း ရုံးချိန်းမလာနိုင်တော့ဘူး။ ဘာတစ်ခုမှ ဆုံးဖြတ်ချက်မချဘဲ ဘာကြောင့်ဒီလိုကြန့်ကြာနေတာလဲ မသိတော့ဘူး။ ဘာအပြစ်မှရှိတာလေးမဟုတ်ဘူး။ AA ကို အကြမ်းဖက်ကလည်း ရုပ်သိမ်းလိုက်ပြီပြောတယ်။ ဒါပေမဲ့မလွှတ်ပေးဘူး။ အန်တီလည်းဘာပြောရမှန်းမသိတော့ဘူး”ဟု ၎င်းကပြောသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံထားရပြီး အမိန့်ချရန် ၁ နှစ်ခန့်ကြာနေပြီဖြစ်သည့် ပုဏ္ဏားကျွန်းမြို့၊ အိုင်ဒင်ကျေးရွာမှ ဒေသခံနှစ်ဦးကို အမိန့်ချရန် ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟုသိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့တွင် စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၆၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသူ တစ်ဦးတစ်ယောက်မျှ ပြန်လွှတ်လာခြင်းမရှိပေ။