- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လွိုင်ကော်တွင် ခရီးသည်တင်လေယာဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့(စက်တင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စီးမှာ လေဆိပ်သို့ဆင်းသက်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
30 Sep 2022
DMG ၊ စက်တင်ဘာ ၃၀
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့(စက်တင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက ခရီးသည်တင်လေယာဉ်တစ်စီးမှာ လေဆိပ်သို့ဆင်းသက်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ခရီးသည်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင်လေယာဉ် ATR-72 လေယာဉ်အမှတ် XY-AML မှာ ယနေ့နံနက် (၈)နာရီ (၄၅)မိနစ်အချိန်၌ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း လွိုင်ကော်လေဆိပ်မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
“နေပြည်တော်ကနေ လွိုင်ကော်ကိုလာတဲ့ လေယာဉ်ဆင်းနေတုန်း သေနတ်နဲ့ အပစ်ခံရတာ။ အပြင်ကနေ ပစ်တာပါ။ လေယာဉ်အတွင်းပိုင်းထဲကို ထိမှန်သွားတယ်။ အဲလောက်ပဲ သိရပါတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ပစ်ခတ်ခံရမှုအတွင်း အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးတွင် ပေါင်နှင့်ခြေထောက်၌ ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)နှင့် အသက်(၅၀)ဝန်းကျင် အမျိုးသားတစ်ဦးတွင် မျက်နှာရှပ်ထိ(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် လွိုင်ကော် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသလူမှုကူညီရေးအသင်းများထံမှ သိရသည်။
လေယာဉ်ပစ်ခတ်ခံရမှုအတွင်း ထိခိုက်ခဲ့သူနှစ်ဦးမှာ လွိုင်ကော်မြို့ပေါ်တွင် နေထိုင်သူများဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။
“ဧက(၅၀၀)ရပ်ကွက်မှာနေတဲ့ တစ်ယောက်က ပါးကိုထိတယ်။ နောက်တစ်ယောက်က ပေါင်နဲ့လက်ကိုထိတယ်။ ဒဏ်ရာအတော်ပြင်းတယ်”ဟု အဆိုပါမြို့ခံကဆိုသည်။
လေယာဉ်ပစ်ခတ်ခံရမှုနှင့်ပက်သက်ပြီး မည်သည့်အဖွဲ့အစည်း လက်ချက်ဖြစ်သည်ကို လတ်တလောတွင် မသိရသေးပေ။ အဆိုပါ လေယာဉ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်နေဆဲဖြစ်သည်။
ရန်ကုန်-လွိုင်ကော်နှင့် နေပြည်တော်-လွိုင်ကော်-ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မတ်လက ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတို့ကြောင့် ပြေးဆွဲမှုရပ်နားခဲ့ပြီး ယခုနှစ် မေလမှစတင်ကာ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။