ATR လေယာဉ်များကို စစ်ကောင်စီအသုံးမပြုနိုင်အောင် အရေးယူရန် အရေးတကြီးလိုအပ်နေ  

စစ်ကောင်စီသည် ATR ခရီးသည်တင်လေယာဉ် ၁၀ စီးထက်မနည်းကို အသုံးပြု၍ စစ်သည်နှင့် စစ်လက်နက်များ သယ်ဆောင်ခြင်း၊ ဝေဟင်ထောက်လှမ်းခြင်း၊ ကင်းထောက်ခြင်းများ လုပ်ဆောင်ကာ နိုင်ငံတကာ ရာဇဝတ်မှုများ ကျုးလွန်နေကြောင်း ustice For Myanmar (JFM) အစီရင်ခံစာတွင် ဖော်ပြသည်။

By Admin 30 Aug 2024

စစ်ကောင်စီအသုံးပြုနေသည့် ATR 72- 600 လေယာဉ်တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - MRTV 
စစ်ကောင်စီအသုံးပြုနေသည့် ATR 72- 600 လေယာဉ်တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - MRTV 

DMG ၊ ဩဂုတ် ၃၀ 

မြန်မာနိုင်ငံတဝန်း ရာဇဝတ်မှုများကျူးလွန်ရာတွင် စစ်ကောင်စီ အဓိက အသုံးပြုနေသည့် ပြင်သစ်နိုင်ငံထုတ် ATR လေယာဉ်များကို ဆက်လက်အသုံးမပြုနိုင်အောင် နိုင်ငံတကာအနေဖြင့် အရေးယူရန် အရေးတကြီး လိုအပ်နေကြောင်း Justice For Myanmar (JFM) က ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ATR ခရီးသည်တင်လေယာဉ် ၁၀ စီးထက်မနည်းကို အသုံးပြု၍ စစ်သည်နှင့် စစ်လက်နက်များ သယ်ဆောင်ခြင်း၊ ဝေဟင်ထောက်လှမ်းခြင်း၊ ကင်းထောက်ခြင်းများ လုပ်ဆောင်ကာ နိုင်ငံတကာ ရာဇဝတ်မှုများ ကျုးလွန်နေကြောင်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် ကလေးငယ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်းများနှင့် ရပ်ရွာများအပေါ် အကြမ်းဖက်တိုက်ခိုက်ရာတွင် အားကိုးအားထားပြုနေ၍ ATR လေယာဉ်များကို ဆက်လက် အသုံးမပြုနိုင်အောင် အစိုးရများအနေဖြင့် အရေးယူဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်း JFM က ဆိုသည်။ 

 “စစ်အုပ်စုက နိုင်ငံအနှံ့ သူတို့ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ဆင်ရေးအတွက် စစ်သည်တွေနဲ့ စစ်လက်နက်တွေ သယ်ယူပို့ဆောင်ရာမှာ ဒီလေယာဉ်တွေကို အသုံးပြုနေတာဖြစ်ပြီး၊ ဒါဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပံ့ပိုးကူညီနေတာပဲ ဖြစ်ပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။ 

အရေးယူရာတွင် စစ်ကောင်စီ၏ ATR လေယာဉ်များအတွက် အပိုပစ္စည်းများ၊ လေ့ကျင့်သင်ကြားမှုများနှင့် နည်းပညာအကူအညီများ ရရှိနေခြင်းတို့ကို ဖြတ်တောက်ပစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။ 

“ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးမှုတွေက အရမ်းများနေပြီ။ ဒါကြောင့် လေယာဉ်တွေကို စစ်ကောင်စီအသုံးမပြုနိုင်အောင် ဘယ်သူမဆို တက်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့တောင်းဆိုချင်တယ်” ဟု  ရခိုင်ပြည်သူတစ်ဦးက ပြောသည်။ 

နိုင်ငံတဝန်းစစ်ရှိန်မြင့်နေချိန်တွင် စစ်ကောင်စီသည် စစ်ဘက်၊ အရပ်ဘက် လေကြောင်းများကို အဓိကအသုံးပြု တိုက်ခိုက်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပါအဝင် နေအိမ်အဆောက်အုံများ မီးလောင်ပျက်စီးမှုမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်။ 

နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ပြင်သစ်လေယာဉ်များကို မြန်မာစစ်အုပ်စု အသုံးပြုနေခြင်းမှာ အီးယူအနေဖြင့် မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ပင်ထားသည့် အရေးယူဆောင်ရွက်ချက်များကို တိုးမြှင့်ချမှတ်ရန်နှင့် ပိုမိုအသက်ဝင်စေရန် လိုအပ်နေကြောင်းကို ရှင်းရှင်းလင်းလင်း ပြသနေသည်ဟု JFM က ဆိုသည်။ 

ပြင်သစ်လေယာဉ်ကုမ္ပဏီ ATR က ထုတ်လုပ်သည့် ATR လေယာဉ် အနည်းဆုံး ၁၀ စီးကို ဝယ်ယူအသုံးပြုနိုင်ရန် ၂၀၁၃ ခုနှစ်မှစပြီး စစ်ကောင်စီကို  ပြည်တွင်းခရိုနီကုမ္ပဏီများနှင့် နိုင်ငံတကာကုမ္ပဏီအချို့က ကူညီပေးခဲ့ကြောင်း ဆိုသည်။ 

ပြင်သစ်နိုင်ငံရှိ ATR နှင့် Sabena Technics၊ ဩစတြီးယားနိုင်ငံရှိ Axis Flight Simulation Systems အပါအဝင် ဥရောပသမဂ္ဂအတွင်းရှိ ကုမ္ပဏီများသည် စစ်ကောင်စီက ATR လေယာဉ်များကို အသုံးပြုနိုင်အောင် လေယာဉ်၏ အဓိကအစိတ်အပိုင်းများ ပြုပြင်ပေးခြင်း၊ အရေးပါသည့် အပိုပစ္စည်းများ ရောင်းချပေးခြင်း၊ လေယာဉ် မောင်းနှင်နိုင်ရန် စစ်ကောင်စီ လေတပ်မှ လေသူရဲများကို သင်တန်းပေးခြင်းတို့ဖြင့် ကူညီပေးခဲ့သည်။

ခရိုနီကုမ္ပဏီ 24 Hour Group ပိုင်ဆိုင်သည့် Air KBZ (ယခု Mingalar Aviation) သည် စစ်ကောင်စီ အာဏာသိမ်း ကြိုးပမ်းမှုမတိုင်မီ လေတပ်အတွက် ATR လေယာဉ်နှစ်စီး ဝယ်ယူ လွှဲပြောင်းပေးခဲ့ပြီး စစ်လက်နက်ပွဲစားကုမ္ပဏီ International Gateways Group ကလည်း ဗီယက်နမ် လေကြောင်းလိုင်းများမှ ATR လေယာဉ် နှစ်စီးဝယ်ပေးခဲ့ကြောင်း JFM က ဆိုသည်။ 

လေယာဉ်များ ရောင်းဝယ်မှုသည် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ကန့်သတ်ပိတ်ဆို့အရေးယူမှုများ ပိုမိုအားကောင်းလာသည့် ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာ့လေတပ်နှင့် ယင်း၏ ပွဲစားများက အပိုပစ္စည်းများနှင့် လဲလှယ်ရမည့် စက်ပစ္စည်းအစိတ်အပိုင်းများ၊ လေယာဉ်အမှုထမ်းနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ၊ ATR လေယာဉ်များ ဆက်လက်ပျံသန်းနိုင်ရန် လိုအပ်သည့် ညွှန်ကြားချက်များ ရရှိနေမှုတို့ကို အရေးတကြီးပိတ်ပင်ရန် အစိုးရများကို တောင်းဆိုထားသည်။ 

“စစ်ကောင်စီအပါအဝင် စစ်ကောင်စီကို ကျောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိထိရောက်ရောက် လုပ်သင့်တယ်။ အဲဒီလိုမျိုး ထိထိရောက်ရောက် မလုပ်နိုင်ရင် စစ်ကောင်စီဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဆက်ပြီးကျူးလွန်နေမှာပဲ” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ATR လေယာဥ်အတွက် ပံ့ပိုးကူညီနေသည့် မြန်မာကုမ္ပဏီအားလုံးအပေါ် ပစ်မှတ်ထား၊ စုပေါင်းချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့လုပ်ဆောင်သင့်ပြီး လက်ရှိချမှတ်ထားသော အရေးယူဆောင်ရွက်မှုဆိုင်ရာ အစီအမံများကို အားကောင်းစေရန် အသက်သွင်းသင့်ကြောင်း JFM က ဆိုသည်။

နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာစစ်လက်နက်ပွဲစားများ၊ မြန်မာစစ်အုပ်စုအား ပံ့ပိုးကူညီထားသည့် အရပ်ဘက်လေကြောင်းကုမ္ပဏီများနှင့် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းသင့်ကြောင်း ဆိုထားသည်။

စင်ကာပူနိုင်ငံအနေဖြင့်လည်း စစ်ဘက် - အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို မြန်မာစစ်အုပ်စု ရရှိအသုံးပြုနေမှုများကို ဖြတ်တောက်ရန်၊ မြန်မာစစ်တပ် လက်နက်ပွဲစားကုမ္ပဏီများကို နိုင်ငံပိုက်နက်အတွင်း  လုပ်ကိုင်ခွင့် မပြုရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။