- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အမ်းမြို့နယ်တွင် ညမထွက်ရအမိန့်ကို နှစ်လထပ်တိုးထုတ်ပြန်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ပုဒ်မ(၁၄၄)ကို ယခုဇန်နဝါရီလ ၂ ရက်နေ့မှစ၍ နှစ်လထပ်မံသက်တမ်းတိုးထုတ်ပြန်ထားကြောင်း ဒေသခံများထံမှသိရသည်။
03 Jan 2022
DMG ၊ ဇန်နဝါရီလ ၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ပုဒ်မ(၁၄၄)ကို ယခုဇန်နဝါရီလ ၂ ရက်နေ့မှစ၍ နှစ်လထပ်မံသက်တမ်းတိုးထုတ်ပြန်ထားကြောင်း ဒေသခံများထံမှသိရသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတတ်သောဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် နိုင်ငံပိုင်ပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယင်းကြောင့် ညအချိန်လွတ်လပ်စွာသွားလာခွင့်ပြုထားပါက အလားတူဖြစ်စဉ်များ ထပ်မံဖြစ်လာနိုင်သည့်အတွက် ပုဒ်မ(၁၄၄) ထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားခဲ့ချိန် ၂၀၁၉ ခုနှစ် ဧပြီလမှစတင်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သော်လည်း အမ်းမြို့နယ်မှအပ ကျန်မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
အမ်းမြို့နယ်အတွင်း ည(၉)နာရီမှ မနက်(၅)နာရီအထိ နေအိမ်အပြင်မထွက်ကြရန် ညမထွက်ရအမိန့်ထုတ်ပြန်လာသည်မှာ ၃ နှစ်ခန့်အထိ ကြာမြင့်လာပြီဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိလာနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ညမထွက်ရအမိန့်အား ပြန်လည် ရုပ်သိမ်းပေးသင့်ပြီဖြစ်ကြောင်း အမ်းမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်ကပြောသည်။
"ညမထွက်ရအမိန့်က မလိုအပ်တော့ဘူး။ ရခိုင်ပြည်နယ်ထဲမှာက အေးချမ်းမှုရှိတာလဲကြာနေပြီ။ ညမထွက်ရအမိန့်ကြောင့် ပြည်သူတွေမှာ တော်တော်အခက်အခဲဖြစ်ကြတယ်။ ကုန်ကားတွေ၊ လူစီးကားတွေဆိုရင်လဲ ည ၉ နာရီဆို မထွက်မဝင်ကြရဘူးဖြစ်တယ်။ ပြန်ရုပ်သိမ်းဖို့သင့်နေပြီလို့မြင်မိတယ်"ဟု ၎င်းကဆိုသည်။
ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။
အလုပ်အကိုင်အခြေအနေကြောင့် ည ၉ နာရီနောက်ပိုင်း အပြင်ထွက်ပါက စစ်ဆေးမေးမြန်းခံရခြင်းများရှိသဖြင့် ပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း အမည်မဖော်လိုသည့် အမ်းဒေသခံတစ်ဦးကပြောဆိုသည်။
"ညမထွက်ရအမိန့်ထုတ်ထားတယ် ခင်ဗျားတို့မသိဘူးလား ဘာညာဆိုပြီး စစ်ဆေးရေးဂိတ်တွေက ခေါ်ယူစစ်ဆေးတာရှိတယ်။
ဒါဟာကျနော်တို့အတွက် မလုံခြုံဘူး။ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ ခံစားမှုကိုလဲ ခံစားရတယ်။ ဒီအမိန့်ကို ရုပ်သိမ်းသင့်နေပြီလို့ မြင်တယ်"ဟု ၎င်းကပြောဆိုသည်။
ဂွမြို့နယ်အတွင်းတွင်လည်း လုံခြုံရေးအခြေအနေအရ ည ၁၀ နာရီမှ နံနက် ၅ နာရီအတွင်း မလိုအပ်ဘဲနေအိမ်အပြင်မထွက်ကြရန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အချိန်အတွင်း အလုပ်လုပ်ကိုင်ရသည့်ပြည်သူများအတွက် အဆင်မပြေဖြစ်နေရကြောင်း ပြောဆိုကြသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကစတင်၍ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သော်လည်း လက်ရှိမှာ ပြန်လည်ရုပ်သိမ်းထားပြီးဖြစ်သည်။