အမိန့်ချရန်သာကျန်တော့သည့် လက္ကာကျေးရွာသား ၂၀ ကျော်အမှု ရုံးချိန်းထပ်ရွှေ့

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီး၍ အမိန့်ချရန်သာကျန်သော်လည်း ယနေ့(နိုဝင်ဘာ ၅ ရက်နေ့)တွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုထံမှ သိရသည်။

05 Nov 2021

DMG ၊ နိုဝင်ဘာ ၅

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီး၍ အမိန့်ချရန်သာကျန်သော်လည်း ယနေ့(နိုဝင်ဘာ ၅ ရက်နေ့)တွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုထံမှ သိရသည်။

"ကျွန်မတို့က ဒီနေ့အမိန့်ချမယ်ဆိုပြီးလာခဲ့တာ။ ဒါပေမယ့်အမိန့်မချဘဲ ရုံးချိန်းလိုက်တယ်။ အထက်က အမှုရုပ်သိမ်းမယ့်စာကို စောင့်နေတယ်လို့သိရတယ်။ အဲဒီစာကျမှ လွှတ်ပေးမယ်လို့ပြောတယ်။ ကျွန်မတို့ အရမ်းဒုက္ခရောက်နေပြီ။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်"ဟု လက္ကာကျေးရွာမှဖမ်းဆီးခံထားရသူ ကိုခင်မောင်စိုး ဇနီး မသိန်းယေကပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းကတည်းက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါကျေးရွာသားများကို ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။

လက္ကာကျေးရွာသားများ၏အမှုကို လာမည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။