- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောသွားလမ်းကို စစ်တပ်ကပိတ်ထားသဖြင့် ကုန်စည်စီးဆင်းမှုရပ်တန့်နေပြီး ဒေသခံများအခက်အခဲဖြစ်
တိုက်ပွဲဖြစ်ပွားမှုနောက်ပိုင်း မောင်တောဒေသသို့ ကုန်စည်ပို့ဆောင်နေသည့်ကားလမ်းကို မြန်မာစစ်တပ်ကပိတ်ထားသဖြင့် စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
16 Aug 2022
DMG ၊ သြဂုတ် ၁၆
တိုက်ပွဲဖြစ်ပွားမှုနောက်ပိုင်း မောင်တောဒေသသို့ ကုန်စည်ပို့ဆောင်နေသည့်ကားလမ်းကို မြန်မာစစ်တပ်ကပိတ်ထားသဖြင့် စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တွေမြို့မှ မောင်တောမြို့သို့ အဓိကဆက်သွယ်သွားလာနေသည့် အငူမော်-မောင်တောကားလမ်းအနီး ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားနှင့် မောင်တောမြို့နယ် ဝေလာတောင်အနီးတို့တွင် သြဂုတ် ၁၃ ရက်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းနောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ လမ်းအသွားအလာများကို ပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာမှ ဒေသခံတစ်ဦးက “ဗောဓိကုန်းစစ်ဆေးရေးဂိတ်ကနေ ပိတ်ထားတယ်။ နောက်ပြီးတော့ ၃ မိုင် နယ်ခြားစောင့်ဂိတ်ကလည်း ပိတ်ထားတယ်။ ဒီနေ့ဆိုရင် ပိတ်ထားတာ ၃ ရက်ရှိပြီ။ တစ်ရွာနဲ့တစ်ရွာ ဆိုင်ကယ်နဲ့တောင် သွားလို့မရဘူး။ ကျနော်တို့မှာက မောင်တောမြို့ကို အဓိကထားပြီး စားနပ်ရိက္ခာတွေဝယ်ယူနေကြတာ။ အခုလိုပိတ်ထားတော့ အခက်အခဲရှိတာပေါ့”ဟု ပြောသည်။
ထိုသို့ ကားလမ်းများပိတ်ထားသည့်အတွက် ဒေသအတွင်း၌ အခြေခံကုန်စည်နှင့် စားနပ်ရိက္ခာများ ဈေးနှုန်းမြင့်တက်နေသဖြင့် လမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးစေလိုကြောင်း မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
“ကားတွေလည်း မထွက်ရဘူး။ ဆိုင်ကယ်နဲ့လည်း သွားလို့မရဘူး။ အခုကားတွေရပ်ထားတယ်ဆိုတော့ အခက်အခဲတွေရှိတာပေါ့။ ရွာမှာ ဆန်ပြတ်တဲ့အိမ်တွေဆို ပြတ်နေကြပြီ။ ကားလမ်းတွေ အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။
အလားတူ မောင်တောမြောက်ပိုင်းတွင်လည်း မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲ ပူးပေါင်းအဖွဲ့တို့အခြေချထားသည့် ကြိမ်ချောင်းအမှတ်(၂၄)စခန်း စစ်ဆေးရေးဂိတ်ကနေ ဒေသခံများခရီးသွားလာခွင့်ကို တားမြစ်ထားသည်ဟု သိရသည်။
ကြိမ်ချောင်းကျေးရွာသားတစ်ဦးက “လက်ရှိကတော့ ကားတွေအသွားအလာမရှိဘူး။ ဘာဖြစ်လိုလဲဆိုတော့ ကြိမ်ချောင်းအထက်ပိုင်းကဆိုရင် ကားတွေဖြတ်လို့မရဘူး။ ကြိမ်ချောင်းကဆိုရင် ဌာနချုပ်(ကျီးကန်းပြင်)ဂိတ်ကို ဖြတ်လို့မရဘူး။ အခုကတော့ ကုန်ဈေးနှုန်းတွေကလည်းတက်၊ ကားလမ်းတွေပိတ်ထားတော့ စားရေးသောက်ရေးတွေက အခက်အခဲရှိတာပေါ့”ဟုပြောသည်။
လက်ရှိတွင် စစ်တွေမှ မောင်တောသို့ စားနပ်ရိက္ခာကုန်စည်များ တင်ဆောင်ထားသည့် ကုန်ကားအစီး ၄၀ ကျော်ခန့်မှာ အငူမော်တွင် ပိတ်မိနေကာ ယာဉ်မောင်းများမှာလည်း အငူမော်တွင်သောင်တင်နေသည့်အတွက် အခက်အခဲများဖြစ်နေရကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
“သူတို့က ကားတွေကို ရှေ့ကိုလည်းသွားခွင့်မပေးဘူး။ ပြန်လည်း ဆင်းခွင့်မပေးဘူး။ ဒါ ပြည်သူတွေကို တမင်ဒုက္ခရောက်အောင်လုပ်နေတာ။ သူတို့က ဘယ်အချိန်သွားခွင့်ပေးမလဲ။ ဘယ်အချိန် ပြန်လာခွင့်ပေးမလဲဆိုတာကိုလည်း သိခွင့်မပေးဘဲ ပိတ်လှောင်ထားတာ။ ဒါဟာ အဲဒီဒေသကလူတွေကို ရည်ရွယ်ချက်ရှိရှိ ရိက္ခာဖြတ်တောက်တာလို့ ကျနော်ထင်တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်တွေ-မောင်တော ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။
မောင်တောဒေသခံများအတွက် အဓိကကုန်စည်ပို့ဆောင်သည့် ကားလမ်းများပိတ်ထားသဖြင့် ဒေသတွင်း အကျပ်အတည်းဖြစ်ပေါ်စေပြီး စစ်ရေးတင်းမာမှုများလည်း ထပ်မံရှိလာနိုင်ကြောင်း မောင်တောမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက သုံးသပ်ကြသည်။
“အခုက လမ်းတွေပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုမရှိဘူး။ အဲဒါကလည်း တိုက်ပွဲဆက်တိုက်ဖို့ အခြေအနေတရပ်ဖြစ်တယ်။ ဒေသခံတွေကတော့ စားဝတ်နေရေး၊ ကျန်းမာရေး ခက်ခဲစေတယ်။ ဒါကြောင့် မောင်တောဒေသဟာ ဆက်လက်စစ်ရေးပြင်းထန်ရင် ပိုပြီးဆိုးဝါးစေမယ်။ အခုမောင်တောမှာ ဒေသခံတွေကို ဖမ်းဆီးမှုတွေရှိနေတယ်။ ဆိုတော့ AA ကလည်း ဒါတွေကို ကြည့်နေမှာမဟုတ်ဘူး။ ဒါကြောင့် မောင်တောကတော့ တိုက်ပွဲဖြစ်လာဖို့ အခြေအနေအများဆုံးဖြစ်နေတယ်”ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက ပြောဆိုသည်။
မောင်တောမြောက်ပိုင်းနှင့် မောင်တော-အငူမော် ကားလမ်းများကို ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
လက်ရှိတွင် မောင်တောဒေသသည် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာနေသည့်ဒေသတစ်ခုဖြစ်ပြီး အချိန်မရွေး တိုက်ပွဲထပ်မံဖြစ်ပွားလာနိုင်ကြောင်းလည်း ဒေသခံများကပြောဆိုကြသည်။