မောင်တောတွင် ညမထွက်ရအမိန့်ကို ၂ လသက်တမ်းတိုးထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ညမထွက်ရအမိန့်ပုဒ်မ-၁၄၄ ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး ဧပြီလအထိ ၂ လထပ်မံသက်တမ်းတိုးလိုက်ကြောင်း သတင်းရရှိသည်။

12 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ညမထွက်ရအမိန့်ပုဒ်မ-၁၄၄ ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး ဧပြီလအထိ ၂ လထပ်မံသက်တမ်းတိုးလိုက်ကြောင်း သတင်းရရှိသည်။

ထိုညမထွက်ရအမိန့်မှာ ည ၁၀ နာရီမှ မနက် ၅ နာရီအထိဖြစ်ပြီး ညမထွက်ရအမိန့် သက်တမ်း ၂ လတိုးရန် ထုတ်ပြန်စာရောက်ရှိနေပြီဖြစ်ကြောင်း မောင်တောမြို့အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က DMG ကိုပြောသည်။

“ညမထွက်ရအမိန့် ၂ လသက်တမ်းတိုးဖို့ ထုတ်ပြန်စာရောက်နေပြီ။ အရင်အတိုင်းပဲ ည ၁၀ နာရီကနေ မနက် ၅ နာရီထိ မထွက်ရလို့ ၂ လထပ်ပြီးသက်တမ်းတိုးတယ်”ဟု ဦးကံထွန်းအောင်ကပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လမှစတင်ကာ ညမထွက်ရအမိန့်ပုဒ်မ-၁၄၄ ကို သက်တမ်းတိုးထုတ်ပြန်ထားခြင်းမှာ ယခုအချိန်ဆိုလျှင် ၁၀ နှစ်အချိန်ထိ ကြာမြင့်လာပြီလည်းဖြစ်သည်။

ယခုလို သက်တမ်းတိုးလိုက်ခြင်းသည် ဒေသခံများသွားလာရေးတွင် အနှောက်အယှက်ဖြစ်စေသောကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းကို ရန့်တန့်စေလိုသည်ဟု မောင်တောဒေသခံ ကိုအေးထွန်းက ပြောသည်။

“သက်တမ်းတိုးတာကိုတော့ မကြားမိသေးဘူး။ လိုက်လံအသိပေးတာလည်းမမြင်မိသေးဘူး။ သက်တမ်းတိုးမယ်ဆိုရင်တော့ သွားလာရတာမှာ အနှောက်အယှက်တွေဖြစ်တာပေါ့။ ရှုပ်ရှုပ်ယှက်ယှက်လို့မြင်တယ်။ အခုလိုညမထွက်ရအမိန့်ထုတ်ပြန်တာကို ရပ်တန့်စေချင်တယ်”ဟု ၎င်းက DMG ကိုပြောသည်။

အလားတူ ယခင်ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် ညမထွက်အမိန့်ပုဒ်မ- ၁၄၄ ကို ၂ လသက်တမ်းတိုးထုတ်ပြန်ထားသည်။