မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့၌ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

30 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့၌ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့ရှိသည့်အမျိုးသမီးမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖြစ်ပြီး လက်ရှိတွင် မောင်တောမြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း မောင်တောဆေးရုံအုပ် ဒေါက်နုကေသီစံက DMG သို့ အတည်ပြုပြောဆိုသည်။

“ဒီနေ့ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့တယ်။ သူက ပြည်သူ့ကျန်းမာရေးကပါ။ ကျန်းမာရေးအခြေနေကတော့ ကောင်းပါတယ်။ သူက သားဖွားဆရာမတစ်ဦးပါ”ဟု ဒေါက်တာနုကေသီစံက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် နိုဝင်ဘာလမှစတင်ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ (၃၇) ဦးရှိပြီး သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်၍ပြန်လာသည့် စစ်တွေမြို့ ရွှေမင်းဂံကုန်သွယ်ရေးဆိပ်ကမ်းမှ စက်လှေသမား (၁၅)ဦးနှင့် လေကြောင်းဖြင့်သွားမည့်ခရီးသည် (၁၁)ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိနေရဆဲဖြစ်သော်လည်း ကိုဗစ်စည်းကမ်းချက်များအား လိုက်နာမှု အားနည်းလျက်ရှိနေကြောင်း ဝေဖန်မှုများရှိနေသည်။

“ကိုဗစ်က တဖြည်းဖြည်းနဲ့ပိုပြီး ကူးစက်ပြန့်ပွားမှုက တိုးလာတဲ့အနေအထားကိုတွေ့ရတယ်။ ဒီအနေအထားမှာလည်း အဓိကပြဿနာက ပေါ့ဆမှုနဲ့ဆိုင်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ကူးစက်တဲ့တောက်လျှောက်မှာ အဓိကတာဝန်ယူဆောင်ရွက်တဲ့သူတွေအနေနဲ့လည်း အရမ်းကြီး အလေးထားပြီးတော့ ကူးစက်ပြန့်ပွားမှုဆိုင်ရာတားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အများကြီးထိထိရောက်ရောက်မလုပ်နိုင်ခဲ့လို့ဘဲ အခုလိုမျိုးပြန်ပြီးတော့ကြုံရတာဖြစ်တယ်”ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူကပြောသည်။

လက်ရှိတွင် ယအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှပြန်ဝင်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး စစ်ဆေးတွေ့ရှိထားကြောင်းလည်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။