- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် ဆီဘောက်ဆာယာဉ်ဖြင့်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး အမြောက်အများဖမ်းမိ
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ကျီးကန်းပြင်စစ်ဆေးဂိတ်တွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆီဘောက်ဆာယာဉ်ဖြင့်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးအမြောက် အများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
27 Aug 2021
DMG ၊ သြဂုတ်လ ၂၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ကျီးကန်းပြင်စစ်ဆေးဂိတ်တွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆီဘောက်ဆာယာဉ်ဖြင့်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးအမြောက် အများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိသည့်အထဲတွင် wy စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ICE များပါဝင်ကြောင်း ကျီးကန်းပြင်စစ်ဆေးဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"ဆီဘောက်ဆာယာဉ်ကနေဖမ်းမိတာ။ ဆီမထည့်ထားဘဲ အဝါရောင် ပီနံအိတ်နဲ့ထည့်ထားတဲ့ wy စာတမ်းပါ စိတ်ကြွဆေးနဲ့ ICE တွေ ရှာဖွေတွေ့ရှိတာဖြစ်တယ်"ဟု ၎င်းကဆိုသည်။
ဆီဘောက်ဆာယာဉ်အား မသင်္ကာ၍စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူထွက်ပြေးသွားခဲ့ပြီး ယာဉ်မောင်း၏ဇနီးဖြစ်သူသာ ကျန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီဘောက်ဆာယာဉ်ထဲတွင် ပီနှံအိတ်များဖြင့်ထုတ်ပိုးထားသည့် wy ဆေးပြားစုစုပေါင်း (၅,၁၇၇၂၅၀)ပြား၊ ကာလတန်ဖိုး(၁၀,၃၅၄,၅၀၀,၀၀၀)ကျပ်နှင့် ICE (၀ ဒသမ ၈)ကီလိုဂရမ်၊ ကာလတန်ဖိုး(၁၆,၀၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၁၀,၃၇၀,၅၀၀,၀၀၀)ကျပ်တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
မောင်တောမြိုနယ်စခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက "ဖမ်းတာက နယ်ခြားစောင့်ကဖမ်းတာဗျ။ စိတ်ကြွဆေးနဲ့ ICE ပါပါတယ်။ ဒရိုင်ဘာတော့ထွက်ပြေးပြီး သူဇနီးကိုဖမ်းမိထားတယ်လို့သိရတယ်" ဟု DMG ကိုပြောသည်။
ဖမ်းဆီးရမိသူ မေလေး(ခ)လှိုင်လှိုင်ဝေအားစစ်ဆေးချက်အရ ၎င်းတို့ဇနီးမောင်နှံမှာ အမှတ်(၁၆၇×၄၆)လမ်း၊ စက်မှုဇုန်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင်နေထိုင်ကြသူများဖြစ်ကြောင်း၊ ဆီဘောက်ဆာယာဉ်အား မောင်တောမြို့နယ်၊ တောင်ပြိုကျေးရွာသို့မောင်းနှင်ပို့ဆောင်ပေးရန် ယာဉ်မောင်းနှင်ခအဖြစ် ခင်ပွန်းဖြစ်သူအောင်ကျော်(ခ)ဂေါက်ကြီးအား (၂၅)သိန်းကျပ်၊ မေလေး(ခ)လှိုင်လှိုင်ဝေအား လမ်းပြခအတွက်(၁၅)သိန်းကျပ်နှင့်လမ်းရှင်းခ(၁၀)သိန်းကျပ်၊ စုစုပေါင်းကျပ်သိန်း(၅၀)ဖြင့် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
၎င်းတို့ဇနီးမောင်နှံမှာ မန္တလေးမှ ပဒါန်း-အမ်း-စစ်တွေ-အငူမော်-မောင်တော-ကြိမ်ချောင်းကားလမ်းအတိုင်း တောင်ပြိုသို့မောင်းနှင်လာခဲ့ကြောင်း သိရသည်။
လက်ရှိမှာ ထွက်ပြေးတရားခံ အောင်ကျော်(ခ)ဂေါက်ကြီးနှင့် ဖမ်းဆီးရမိတရားခံ မေလေး(ခ)လှိုင်လှိုင်ဝေတို့အား ပြင်ဖြူနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတရားခံ အောင်ကျော်(ခ)ဂေါက်ကြီးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။