- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသူနှင့် ဒေသခံတစ်ဦးတို့ ပြန်လွတ်လာ
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရား အသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်
01 Jan 2023
ပြန်လွတ်လာသည့် မအေးမြစန္ဒာအားတွေ့ရစဉ်။ ဓာတ်ပုံ - Aye Myat Sandar (Facebook)
DMG ၊ ဇန်နဝါရီ ၁
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ အမှတ်(၂၄) ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)၊ (၂)တို့ဖြင့် အမှုဖွင့်ခံထားရသည့် ဆယ်တန်းကျောင်းသူနှင့် ဒေသခံတစ်ဦးတို့မှာ ယနေ့(ဇန်နဝါရီလ ၁ ရက်) နံနက် ၁၁ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု ကာယကံရှင်များနှင့် မိသားစုဝင်များထံမှ သိရသည်။
ပြန်လွတ်လာသူ နှစ်ဦးမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောရွာမှ ဆယ်တန်းကျောင်းသူ မအေးမြစန္ဒာ (၂၄)နှစ်နှင့် မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ကယ်ရီမောင်းနှင်းသူ ကိုမောင်မောင်ကျော် (၂၂)နှစ်တို့ ဖြစ်ကြသည်။
ပြန်လွတ်လာသူ ကာယကံရှင် ကိုမောင်မောင်ကျော်က “ကျနော်တို့ကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကြိမ်ချောင်း (၂၄)စစ်ဆေးဂိတ်က လွှတ်ပေးလိုက်တာပါ။ ကျနော်တို့ကို စစ်ဆေးတာကတော့ AA နဲ့ ဆက်စပ်မှုရှိလား။ ငွေကြေးထောက်ပံ့တာတွေ ရှိလားဆိုပြီးတော့ စစ်ဆေးတာတွေရှိပါတယ်။ အဖမ်းခံရတုန်းက ရိုက်နှက်ခံရတာ နည်းနည်းလောက်တော့ရှိပါတယ်”ဟု ၎င်းကဆိုသည်။
အလားတူ အမှုဖွင့်ခံထားရသည့် ဆယ်တန်းကျောင်းသူ မအေးမြစန္ဒာမှာလည်း ယနေ့တွင် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လွတ်လာသည့်အတွက် ဝမ်းသာသလို အပြစ်မရှိဘဲ ဖမ်းဆီးခံထားရသည့် အခြားသော ဒေသခံများကိုလည်း ပြန်လွှတ်ပေးစေလိုကြောင်း မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးချမ်းငြိမ်းက ပြောသည်။
“ကျနော်ရဲ့ အစ်မ လွတ်လာတာ ဟုတ်ပါတယ်။ အခုတော့ ကျနော်တို့ရွာကို မရောက်သေးဘူး။ မင်္ဂလာညွန့် ကျေးရွာက ဆွေမျိုးတွေဆီမှာပဲ ရှိသေးတယ်။ အခုလို အပြစ်မရှိတဲ့လူတွေကို လွှတ်ပေးတဲ့အတွက် ဝမ်းသာပါ တယ်။ နောက်လည်း အပြစ်မရှိတဲ့လူတွေ လွှတ်ပေးစေချင်တယ်”ဟု သူကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့က မအေးမြစန္ဒာမှာ မောင်တောမြို့နယ်၊ မင်္ဂလာညွန့်ကျေးရွာမှ ဆွေမျိုးများ ထံသို့ အလည်သွားပြီးနောက် မိမိကျေးရွာသို့ပြန်ရန်အတွက် ကိုမောင်မောင်ကျော် ဆိုင်ကယ်ဖြင့် မောင်တောမြို့ကိုလာစဉ် ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၇) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ယင်းနောက် ၎င်းတို့နှစ်ဦးမှာ တစ်လခန့်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇(၁)(၂)နှင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ပထမအကြိမ် ချုပ်ရမန်ယူခဲ့သည်။
AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် တရားစွဲခံ ထားရသည့် အခြားသောရခိုင်ဒေသခံများကိုလည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရား အသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ၅ လခန့်ကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် တကျော့ပြန် တိုက်ပွဲများသည် လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် ယာယီအပစ်ရပ်ထားကြသည်။
#R007