မီဇိုရမ်-ပလက်ဝ-ရခိုင် လမ်းကြောင်းတွင် သောင်တင်နေသည့် ကုန်သည်များကို ပြန်ပို့ရန်စီစဉ်နေ

ပိတ်မိနေသည့်ကုန်သည်များအား ဇွန် ၃၀ ရက်တွင် နေရပ်သို့ပြန်ပို့ရန်စီစဉ်နေပြီး ကုန်ပစ္စည်းများကိုလည်း သယ်ယူခွင့်မရကြောင်း ကုန်သည်များက ပြောသည်။

By Admin 29 Jun 2024

ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာတွင် ပိတ်မိနေသော ကုန်တင်ကားအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - လိုင်ရမ်းတိုင်းမ်)
ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာတွင် ပိတ်မိနေသော ကုန်တင်ကားအချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - လိုင်ရမ်းတိုင်းမ်)

DMG ၊ ဇွန် ၂၉ 

မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် သောင်တင်နေသည့် မြန်မာကုန်သည်များကို နေရပ်သို့ပြန်ပို့ရန် ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA)က စီစဉ်နေကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှတစ်ဆင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်သွင်းနေသည့် လမ်းကြောင်းများကို CYLA က ဇွန် ၂၄ ရက်တွင် ပိတ်ပင်လိုက်၍ ကုန်သည်ရာနှင့်ချီမှာ ကုန်ပစ္စည်းများနှင့်အတူ လမ်းခုလတ်တွင် ပိတ်မိနေကြသည်။ 

ပိတ်မိနေသည့်ကုန်သည်များအား ဇွန် ၃၀ ရက်တွင် နေရပ်သို့ပြန်ပို့ရန်စီစဉ်နေပြီး ကုန်ပစ္စည်းများကိုလည်း သယ်ယူခွင့်မရကြောင်း ကုန်သည်များက ပြောသည်။

“ကုန်ပစ္စည်းတွေကို ရခိုင်ဘက်သို့ မယူရဘူး။ လူတွေကိုတော့ အကုန်လုံးသွားရမယ်ဆိုပြီး မနေ့ကပြောလာတယ်။ ကုန်ပစ္စည်းတွေကို မူရင်းဝယ်ယူခဲ့တဲ့ အိန္ဒိယဘက်ကဆိုင်တွေမှာ ဘောက်ချာပြပြီး ပြန်သွင်းရမယ်လို့ ပြောတယ်” ဟု ပိတ်မိနေသည့် ကုန်သည်တစ်ဦးက ပြောသည်။  

ရခိုင်ဒေသကို စစ်ကောင်စီက လမ်းပိတ်ဆို့ထားမှုကြောင့် မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုပြီး ရခိုင်ပြည်ထဲသို့ စားသောက်ကုန်၊ ဆေးဝါး၊ လောင်စာဆီနှင့် အခြားကုန်ပစ္စည်းများ တင်သွင်းနေခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းကုန်ပစ္စည်းများကို ရိက္ခာအဖြစ်အသုံးပြုကာ အာရက္ခတပ်တော်က ချင်းလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားနေ၍ ပိတ်ပင်ရခြင်းဖြစ်သည်ဟု CYLA က ထုတ်ပြန်သည်။
ကုန်ပစ္စည်းများအား သယ်ယူခွင့်မပြုခြင်းမှာ သိန်းထောင်နှင့်ချီ ရင်းနှီးထားရသူများအတွက် အလွန်နစ်နာကြောင်း ကုန်သည်များက ပြောကြသည်။ 

“အခုပြဿနာကို ဝယ်ယူခဲ့တဲ့ဆိုင်တွေကို ‌သေချာပြောပြပြီး ငွေပြန်တောင်းဖို့ ပြောတယ်။ ဒါပေမယ့် ဇွန်လ ၃၀ ရက်က တနင်္ဂနွေနေ့လေ။ တချို့ဆိုင်တွေပိတ်တယ်။ ဝယ်ထားတဲ့ပစ္စည်းကိုသွားပေးပြီး ငွေပြန်တောင်းဖို့ကလည်း မဖြစ်နိုင်ဘူး။ ကျနော်တို့မှာ အချိန်တစ်ရက်ပဲရတာ” ဟု နောက်ထပ် ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ဖြတ်တောက်ထား၍ ကုန်စည်ပြတ်လပ်မှုဒဏ်ကို ပြည်သူများ အလူးအလဲ ခံစားနေကြရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA က ဇန်နဝါရီလအတွင်းသိမ်းပိုက်ပြီးမှ မီဇိုရမ်-ပလက်ဝ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်နေကြခြင်းဖြစ်သည်။  

အဆိုပါလမ်းကြောင်းကို ပြီးခဲ့သည့် မေ ၂၅ ရက်က ပထမအကြိမ်ပိတ်ခဲ့ပြီး  ULA/AA ခေါင်းဆောင်များနှင့် CYLA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြပြီးနောက် ဇွန်လ ၁၂ ရက်တွင် ပြန်ဖွင့်ပေးခဲ့ပြီးမှ ထပ်မံပိတ်လိုက်ခြင်းလည်း ဖြစ်သည်။ 

ဗီဒီယိုများ