ဒေါ်လာဈေးမြင့်တက်မှုကြောင့် အိမ်သုံးဆေးဝါးများ ဈေးမြင့်တက်

ဒေါ်လာဈေးနှင့် ပြည်ပငွေကြေးဈေးကွက် မြင့်တက်လာမှုဂယက်ကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးအချို့၌ အိမ်သုံးဆေးဝါးများ ဈေးမြင့်တက်နေပြီး လူအသုံးများသည့်ဆေးဝါးတချို့မှာ ဈေးကွက်အတွင်း ပြတ်လပ်လာနေကြောင်း ဆေးအရောင်းဆိုင်များထံမှ သိရသည်။

23 Jul 2022

ရန်ကုန်ရှိ ဆေးဆိုင်တစ်ခုတွင် မြို့ခံများတန်းစီစောင့်ဆိုင်းကာ ဆေးဝယ်ယူနေကြစဉ်။ ဓာတ်ပုံ-CJ

DMG ၊ ဇူလိုင် ၂၃

ဒေါ်လာဈေးနှင့် ပြည်ပငွေကြေးဈေးကွက် မြင့်တက်လာမှုဂယက်ကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးအချို့၌ အိမ်သုံးဆေးဝါးများ ဈေးမြင့်တက်နေပြီး လူအသုံးများသည့်ဆေးဝါးတချို့မှာ ဈေးကွက်အတွင်း ပြတ်လပ်လာနေကြောင်း ဆေးအရောင်းဆိုင်များထံမှ သိရသည်။

လက်ရှိတွင် အိမ်သုံးဆေးဝါးတင်သွင်းနေသည့် ကုမ္ပဏီများမှ ဈေးနှုန်းများကို ၁၅ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်သည့်အပြင် ကုမ္ပဏီအချို့တွင်လည်း အရောင်းရပ်ဆိုင်းထားမှုရှိနေကြောင်း သိရသည်။

ထို့ကြောင့် ဇူလိုင်လ ၂၁ ရက်မှစပြီး လူအသုံးအများသည့် ဆေးဝါးအချို့မှာ ယခင်ဈေးနှုန်းများထက် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း ရန်ကုန်ရှိ ဆေးအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

“ဒေါ်လာဈေးတွေတက်သွားတော့ ဆေးကုမ္မဏီတွေက ဈေးနှုန်းတွေ အရင်ထက် ၁၅ ရာခိုင်နှုန်းတင်လိုက်တယ်။ အဲတော့ ဆေးထပ်မှာဖို့ခက်သွားတယ်။ ဆေးကုမ္ပဏီဆယ်ခုမှာ ရှစ်ခုလောက်က မရောင်းတော့ဘူး။ အဲဒီတော့ လက်ထဲမှာကျန်သလောက်ပဲ ရောင်းချပေးနေပါတယ်”ဟု ဆေးဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

ထိုသို့ အိမ်သုံးဆေးဈေးနှုန်းမြင့်တက်မှုကြောင့် ဆေးဝါးများ ပြတ်လပ်မည်ကို စိုးရိမ်နေကြသည့်ပြည်သူများမှာ ယခုရက်ပိုင်းအတွင်း လာရောက်ဝယ်ယူသူ များပြားလာပြီး ဆေးဝါးအချို့မှာ လုံးဝပြတ်လပ်သွားသည်အထိ ဖြစ်ပေါ်နေကြောင်း ပဲခူးမြို့ခံများမှ ပြောဆိုသည်။

“လူအသုံးများတဲ့ဆေးတွေပေါ့။ ပါရာစီတာမောတို့ဆို တချို့ဆိုင်မှာ လုံးဝပြတ်သွားတယ်။ ဆိုင်ရှာပြီး ဝယ်ရတာအထိဖြစ်တယ်။ ဈေးကလည်း အရင်ထက်နှစ်ဆလောက်ကို ဈေးကြီးတယ်။ တချို့ဆိုင်တွေဆိုရင် လူတစ်ယောက်ကို ဆေးသုံးမျိုးပဲဝယ်ပါဆိုပြီးတော့ ပြောရတာတွေတောင်ရှိပါတယ်”ဟု ပဲခူးမြို့ခံတစ်ဦး ကပြောသည်။

မြန်မာပြည်တွင်း၌သုံးစွဲနေသည့် အခြေခံ အိမ်သုံးဆေးဝါးများ၏ ၈၅ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှတင်သွင်းနေရပြီး အမေရိကန် ဒေါ်လာနှင့် ပြည်ပငွေကြေးဈေးနှုန်း အတက်အကျပေါ်မူတည်၍ လက်ရှိအချိန်၌ ဆေးဝါးတချို့မှာ လပိုင်းအတွင်း ပြတ်လပ်မှုဖြစ်ပေါ်လာနိုင်ကြောင်း ပြည်တွင်းဈေးကွက် သုတေသီများမှ သုံးသပ်ထားသည်။

“အိမ်သုံးဆေးဝါးတွေ အများဆုံးတင်သွင်းပေးနေတာက အမေရိကန်၊ ထိုင်း၊ ကိုးရီးယားရယ်ပေါ့။ ပြည်ပကနေ တင်ပို့ပေးနေရတာပိုများတယ်။ အခုနောက်ပိုင်း အမေရိကန်ဒေါ်လာတွေမက တရုတ်ယွမ်တွေ ထိုင်းဘတ်ငွေ ဈေးနှုန်းတွေကအစ မတည်ငြိမ်ဖြစ်နေတယ်။ အချိန်တစ်ခုအနေနဲ့ လပိုင်းအတွင်း အိမ်သုံးဆေးဝါးတချို့ ဈေးကွက်မှာပြတ်လပ်သွားနိုင်တယ်လို့ ခန့်မှန်းရတယ်”ဟု ပြည်တွင်းဈေးကွက် သုတေသီတစ်ဦးကဆိုသည်။

လက်ရှိအချိန်တွင် အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်ဖြင့် ဗဟိုဘဏ်မှ သတ်မှတ်ထားသော်လည်း ပြင်ပ၌ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၂၄၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။