အမ်းမြို့အဝင် ခရမ (၃၇၃) တပ်ရင်းကို AA အရှိန်မြှင့်ထိုးစစ်ဆင်

AA သည် နပခဌာနချုပ်၏ ကာကင်းဖြစ်သည့် မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် ခမရ(၃၇၃)တပ်ရင်းကို အောက်တိုဘာ ၈ ရက်မှစ၍ အရှိန်မြှင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

By Admin 12 Oct 2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကာကင်းစခန်း မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ ရက်နေ့တွင်  အလုံးစုံသိမ်းပိုက်ခဲ့သည်။ (ဓာတ်ပုံ - AA Info Desk)
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကာကင်းစခန်း မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ခဲ့သည်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ အောက်တိုဘာ ၁၂

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိသည့် အမ်းမြို့အဝင် ခမရ (၃၇၃) တပ်ရင်းကို AA က လက်နက်ကြီး၊ ဒရုန်း၊ မြေပြင်ထိုးစစ်များဖြင့် အရှိန်မြှင့်တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန်ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

AA သည် နပခဌာနချုပ်၏ ကာကင်းဖြစ်သည့် မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် ခမရ(၃၇၃)တပ်ရင်းကို အောက်တိုဘာ ၈ ရက်မှစ၍ အရှိန်မြှင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

အမ်းမြို့ခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲက ဒီနေ့မနက်အထိ ပြင်းထန်နေတုန်းပဲ။ AA ဖက်ကတော့ အသာစီးရထားတယ်လို့ သိထားရတယ်။ စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ ကာပစ်ထားပြီးတော့ အမ်းအခြေစိုက် စရဖ တပ်ဖက်ကို တပ်ဆုတ်ဖို့ ကြိုးစားနေကြတယ်” ဟု ပြောသည်။

AA ထိုးစစ်ဆင်နေသည့် ခရမ (၃၇၃) တပ်ရင်းသည် စစ်တွေ - ရန်ကုန် ကားလမ်းမကြီး မင်းပြားမြို့နယ်ဖက်မှလာသည့် အမ်းမြို့အဝင်တွင် တည်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တစ်မိုင်ကျော်ခန့်သာ ကွာဝေးကြောင်း သိရသည်။

AA သည် နပခဌာနချုပ်ထဲကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး အမ်းမြို့နယ်တွင်း ခုခံတိုက်ပွဲများကို နပခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက ကွပ်ကဲနေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်မှုကြောင့် အမ်းမြို့ပေါ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်နေပြီး ဌာနဆိုင်ရာအသီးသီးမှ ဦးစီးအရာရှိများမှာလည်း ပြည်မဖက်သို့ ထွက်ပြေးနေကြသည်။

“အမ်းမြို့အခြေစိုက် တပ်ရင်းတွေ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ မိသားစုလိုက် ထွက်ပြေးနေကြတာရှိတယ်။ ဌာနဆိုင်ရာရုံးတွေ လည်ပတ်မှုမရှိတော့ဘူး။ မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် မြို့ခံတွေလည်း ရတဲ့နည်းနဲ့ စွန့်ခွာနေကြတာရှိတယ်” ဟု အမ်းမြို့ခံ နောက်တစ်ဦးက ပြောသည်။  

အမ်းမြို့တွင် နပခဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (B.E )၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များရှိပြီး၊ စစ်ကိုင်းတိုင်း စကခ (၁၀) လက်အောက်ခံ ခမရ( ၃၆၂၊ ခမရ (၃၆၅)၊ ခမရ (၃၆၉) တပ်ရင်းများလည်း ပူးပေါင်းအင်အားဖြည့်ထားကြောင်း သိရသည်။

အာရက္ခတပ်တော်သည် အမ်းမြို့နယ်ကို မတ်လအတွင်းက ထိုးစစ်ဆင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး အထိုင်ချဗျူဟာနှစ်ခုနှင့် တပ်စခန်းငယ်တချို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အဓိက အထိုင်ဗျူဟာစခန်းကြီးဖြစ်သည့် တောင်ဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်နေ့နှင့် မဲတောင်ဗျူဟာစခန်းကို အောက်တိုဘာလ ၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။