ရခိုင်တွင် ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ရောဂါဝေဒနာရှင်များ အခက်ကြုံနေ

ပုဏ္ဏားကျွန်းမြို့မှ အသက်(၅၀) ကျော်အရွယ် သွေးတိုး၊ ဆီးချိုရောဂါသည် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးမှာလည်း ပုံမှန်သုံးစွဲနေသော ဆေးဝါးပြတ်လပ်သွားသဖြင့် သေဆုံးခဲ့ရသည်။ 

By Admin 03 Jul 2024

ရခိုင်တွင် ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ရောဂါဝေဒနာရှင်များ အခက်ကြုံနေ

DMG ၊ ဇူလိုင် ၃ 

တိုက်ပွဲပြင်းထန်နေသော ရခိုင်ဒေသအတွင်း ဆေးဝါးပြတ်လပ်နေသည်မှာ ကာလကြာရှည်လာပြီဖြစ်၍ နာတာရှည်ရောဂါဝေဒနာရှင်များမှာ ဆေးဝါးမှီဝဲခွင့်မရသဖြင့် အခက်အခဲများ ကြုံတွေ့နေကြရသည်။

သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ ကင်ဆာ စသည့်ရောဂါဝေဒရှင်နာများမှာ ဆေးဝါးပြတ်လပ်မှုကြောင့် အသက်အန္တရာယ် စိုးရိမ်နေရသည်အထိ ဖြစ်နေကြောင်း ပြောကြသည်။  

“အရင်လတွေတုန်းကဆို ကုန်စျေးနှုန်းမြင့်ပေမယ့် ကိုယ်လိုချင်တဲ့ဆေးတွေ ဝယ်လို့ရသေးတယ်။ အခုက လက်ထဲမှာ ပိုက်ဆံအပုံလိုက်ရှိနေရင်တောင် ဆေးဝယ်လို့ မရတော့ဘူး။ ကျမရဲ့အမေက ထစ်ခနဲဆို အချိန်မ‌ရွေး အသက်ပါသွားနိုင်တဲ့ နောက်ဆုံးအခြေအနေဖြစ်နေပြီ” ဟု စစ်တွေမြို့မှ ကင်ဆာဝေဒနာရှင်အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူက ပြောသည်။

နာတာရှည်ရောဂါဝေဒနာရှင်များမှာ ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ဆေးကို မပျက်မကွက်သောက်ကြရပြီး သုံးစွဲနေသောဆေးဝါးများ ပြတ်လပ်သွားပါက ကျန်းမာရေး ဆိုးရွားထိခိုက်မှုများ ရှိလာသည်။ 

ပုံမှန်သုံးစွဲနေသော ဆေးဝါးများမပြတ်လပ်ရေး နည်းမျိုးစုံဖြင့် ရှာဖွေကာ ဝယ်ယူသုံးစွဲနေရကြောင်း ပြောကြသည်။  

မီးယပ်ရောဂါခံစားနေရသူ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ကျမသောက်နေတဲ့ဆေးတွေဆို လုံးဝရှာမရတဲ့ အနေအထားမှာရှိတယ်။ ဘယ်လောက်တောင်ဒုက္ခရောက်လဲဆိုရင် ကိုယ်နေတဲ့နေရာမှာရှာမရလို့ တခြားမြို့ထိ အခက်အခဲအမျိုးမျိုးနဲ့ သွားရှာရတယ်။ ခြောက်လလောက် သောက်ရအုံးမယ်။ တစ်ရက်ပျက်ရင် အစကနေ ပြန်သောက်ရတယ်” ဟု ပြောသည်။ 

နာတာရှည်ရောဂါဝေဒနာရှင်များမှာ ဆေးဝါးများဝယ်ယူ၍မရသဖြင့် အသက်သေဆုံးမှုများလည်း ရှိနေသည်။ ပေါက်တောမြို့နယ်၊ ဗျိုင်းသိုက်ကျေးရွာမှ ဆီးချိုရောဂါသည်အမျိုးသမီးတစ်ဦးမှာ ဆေးဝါးပြတ်လပ်သွားပြီးနောက် ဆေးထပ်ရှာ၍မရသဖြင့် ပြီးခဲ့သည့်မေလအတွင်း သေဆုံးသွားခဲ့ရသည်။ 

“လမ်းပိတ်ထားတော့ ရန်ကုန်ကမှာထားတဲ့ဆေးကို စစ်တွေကသွားယူလို့မရဘူး။ ကိုယ့်မြို့နယ်မှာလည်း ဆေးက လုံးဝရှာမရ။ ကိုယ့်ဒေသမှာရှိတဲ့ တိုက်နယ်ဆေးရုံသွားလည်း ဆေးကမရှိ။ အရမ်းအခက်အခဲများသွားတယ်။ သိပ်မကြာပါဘူး တစ်ပတ်လောက်အကြာမှာ ဆုံးသွားတယ်” ဟု သေဆုံးသွားသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

အလားတူ ပုဏ္ဏားကျွန်းမြို့မှ အသက်(၅၀) ကျော်အရွယ် သွေးတိုး၊ ဆီးချိုရောဂါသည် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးမှာလည်း ပုံမှန်သုံးစွဲနေသော ဆေးဝါးပြတ်လပ်သွားသဖြင့် သေဆုံးခဲ့ရသည်။ 

စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ ဂွ၊ မာန်အောင် မြိုနယ်များတွင် မြိုပေါ်ဆေးရုံများ ဖွင့်လှစ်ထားသော်လည်း ဆေးဝါးမစုံလင်မှု၊ ဝန်ထမ်းများ စစ်ဘေးတိမ်းရှောင်နေခြင်းများကြောင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများရှိနေကြသည်။ 

AA ထိန်းချုပ်ဒေသများတွင် ဆေးရုံ၊ ဆေးခန်းများဖွင့်လှစ်ပြီး ပြည်သူများ၏ ကျန်းမာရေးကိစ္စ အဆင်ပြေအောင် ဆောင်ရွက်ပေးနေသော်လည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုများရှိနေ၍ သွားရောက်ဆေးကုသရန် ဒေသခံများက စိုးရိမ်နေကြသည်။