အဘက်ဘက်မှနိမ့်ကျနေမှုကြောင့် မြိုလူဦးရေ ၉၀၀ ခန့် နေရာသစ်တွင် ပြောင်းရွှေ့နေထိုင်ရန်စီစဉ်

ဝေလံခေါင်ဖျားသည့် တောတောင်ဒေသများတွင် နေထိုင်နေကြသည့် မြိုတိုင်းရင်းသားတို့မှာ အဘက်ဘက်မှနိမ့်ကျနေသည့်ဘဝမှ လွတ်မြောက်စေရန်အတွက် နေရာသစ်တွင်ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေကြောင်း သိရသည်။

02 Apr 2022

DMG ၊ ဧပြီ ၂

ဝေလံခေါင်ဖျားသည့် တောတောင်ဒေသများတွင် နေထိုင်နေကြသည့် မြိုတိုင်းရင်းသားတို့မှာ အဘက်ဘက်မှနိမ့်ကျနေသည့်ဘဝမှ လွတ်မြောက်စေရန်အတွက် နေရာသစ်တွင်ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေကြောင်း သိရသည်။

မြိုတိုင်းရင်းသားများမှာ ဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသတွင်နေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဆင်းရဲမွဲတေမှုနှင့် ဗဟုသုတ ကအစ အလွန်တရာနိမ့်ကျနေရသည်ဟုဆိုသည်။

ကျောက်တော်မြို့နယ်အထက်ပိုင်းရှိ ယိုးချောင်း၊ သလူချောင်းတို့တွင် နေထိုင်ကြသည့် မြိုတိုင်းရင်းသားတို့မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားနေကြရသည်။

မြို့နှင့်အလှမ်းဝေးသဖြင့်လည်း ပညာရေးပိုင်းတွင် ဆရာ၊ဆရာမများ ပုံမှန်မရောက်သည့်အတွက် ကျောင်းနေအရွယ်လူငယ်များမှာ ပညာသင်ယူမှုကို အပြည့်အဝမရှိကြကြောင်းလည်းပြောဆိုကြသည်။

“ကျွန်တော်တို့ဒေသတွေက စစ်ပွဲနဲ့ရင်ဆိုင်ခဲ့တဲ့ဒေသဖြစ်တယ်။ နေရပ်ပြန်သွားရင် စစ်ကျန်လက်နက်အန္တရာယ်ကို စိုးရိမ်တယ်။ ပြီးတော့ ကိုယ့်ဒေသမှာလည်း အရင်လိုလုပ်ကိုင်စားသောက်ဖို့က အဆင်မပြေတော့ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့ဘဝအဆင်ပြေဖို့၊ တိုးတက်ဖို့အတွက်ပြောင်းရွှေ့ခဲ့တာ”ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ထုံးဘူးကျေးရွာမှ မြိုတိုင်းရင်းသား ဦးသန်းဝင်းကပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသည့်အထဲတွင် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့မှ မြိုတိုင်းရင်းသားများလည်း ပါဝင်သည်။

လက်ရှိမှာ သေနတ်သံများရပ်တန့်နေသော်လည်း မြိုတိုင်းရင်းသားများမှာ မိမိနေရပ်သို့မပြန်လိုတော့ဘဲ နေရာသစ်တွင် အခြေချရန် ကြိုးပမ်းလာကြခြင်းဖြစ်သည်။

မူလနေထိုင်ခဲ့သည့်နေရာမှာ ဆက်သွယ်ရေးဖုန်းလိုင်းမရှိခြင်း၊ သွားလာရေးခက်ခဲခြင်းနှင့် အနီးအနားကျေးရွာများတွင်လည်း ဆေးပေးခန်းများမရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် များစွာအခက်အခဲရှိပြီး အသက်သေဆုံးမှုများလည်းကြုံတွေ့ရကြောင်း မြိုတိုင်းရင်းသားတို့က ပြောဆိုကြသည်။

မြိုတိုင်းရင်းသားများ နေရာသစ်တွင်အခြေချနေထိုင်ရန်အတွက် မောင်တောမြို့နယ်တောင်ပိုင်း မယူတောင်တန်းအဆုံး ကျောက်ပန်းဒူကျေးရွာနှင့် မနီးမဝေး ကားလမ်းမအနီးရှိ မြေလွတ်တစ်နေရာတွင် ပြည်နယ်စစ်ကောင်စီမှ နေရာချထားပေးကြောင်း သိရသည်။

အဆိုပါနေရာတွင် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ မြိုတိုင်းရင်းသားအိမ်ထောင်စု ၁၆၀၊ လူဦးရေ ၈၆၇ ဦး နေထိုင်ကြမည်ဖြစ်ကာ လက်ရှိတွင် အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၇၀ ကျော် စတင်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

“အခုနေထိုင်နေကြတဲ့သူတွေအတွက် နေထိုင်ဖို့ တာပေါ်လိပ်စတွေ၊ ဆန်တွေထောက်ပံ့ပေးထားတယ်။ လူမစုံသေးတဲ့အတွက် လောလောဆယ်မှာတော့ ရှိတာလေးနဲ့ စားသောက်နေထိုင်ကြလို့ပြောထားတယ်။ မကြာခင်တော့ အစစအရာရာပြည့်စုံလာမယ်လို့တော့ ပြောထားတယ်”ဟု ကျောက်တော်မြို့နယ် ဂင်ပိကျေးရွာမှ မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစနီဖြူကပြောသည်။

နေရာသစ်တွင် နေထိုင်မည့် အိမ်ထောင်စုတစ်စုလျှင် ၈၀ ပတ်လည် အိမ်ယာမြေတစ်ကွက်နှင့် လုပ်ကိုင်စားသောက်ရန် လယ်ဧက ၂ ဧကတို့ကို စစ်ကောင်စီမှကူညီပေးထားသည်ဟု နေထိုင်သူများထံမှ သိရသည်။