စစ်တွေမြို့နယ်မှ သက်တမ်းရင့်ဒီရေတောများ အခုတ်ခံရသဖြင့် ဒေသခံများ မကျေမနပ်ဖြစ်နေ

သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန် စိုက်ပျိုးထားသည့် ၁၀ နှစ်ကျော်သက်တမ်းရှိ ဒီရေတောများကို ကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ခုတ်လှဲသွားသဖြင့် စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာမှ ဒေသခံများမှာ မကျေမနပ်ဖြစ်နေကြသည်။

10 Aug 2022

အခုတ်ခံရမှုကြောင့် ပျက်စီးသွားသည့် ဒီရေတောကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ကိုလှထွန်း)

DMG ၊ သြဂုတ် ၁၀

သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန် စိုက်ပျိုးထားသည့် ၁၀ နှစ်ကျော်သက်တမ်းရှိ ဒီရေတောများကို ကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ခုတ်လှဲသွားသဖြင့် စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာမှ ဒေသခံများမှာ မကျေမနပ်ဖြစ်နေကြသည်။

အဆိုပါဒီရေတောများကို ရွှေပြည်သာ၊ ကျေးတောရွာမ၊ ကျေးတောပိုက်ဆိပ်တို့မှ ဒေသခံများက စိုက်ပျိုးထားခြင်းဖြစ်ကာ ဧက ၁၀ ကျော်ရှိသည့်အနက် အပင် ၅၀ ခန့် ခုတ်လှဲခံလိုက်ရခြင်းဖြစ်သည်။

ထိုသို့ ဒီရေတောခုတ်လှဲခံထားရသည်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရွာသားများကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ဦးလှထွန်းကဆိုသည်။

“ဒီရေတောတွေစိုက်ထားခဲ့လို့ ကျေးတောရွာက တိုက်ရိုက်လှိုင်းပုတ်တာတွေ မရှိတော့ပါဘူး။ သားငါး ပုဇွန်တွေဆိုရင်လည်း အရင်နဲ့စာရင် ပိုပြီးဖူလှုံလာတယ်။ လက်လုပ်လက်စားတွေလည်း  ဂဏန်းရှာကြတာလည်း အဆင်ပြေကြတယ်။ ကျနော်တို့ ခြံကာပြီးစိုက်ထားခဲ့ကြရတာ။ တကယ့်ကို စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့ကိုယ်တိုင် ပုလင်းကွဲတွေ အပြတ်ခံ ၊ စူးတွေအထိုးခံပြီးတော့ ဒုက္ခခံပြီးတော့ ကြိုးကြိုးစားစားစိုက်ပျိုးခဲ့ရတာလေ။ စိတ်တော့မကောင်းဘူးပေါ့“ဟု ၎င်းကဆိုသည်။

အဆိုပါဒီရေတောများကို အနီးရှိကြက်ခြံပိုင်ရှင်မှ အလုပ်သမားများငှားရမ်းကာ ခုတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ကြက်ခြံပိုင်ရှင် ဦးသိန်းဝေကို DMG က ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော့်မှာလည်း အဲဒီအပင်တွေက မရှိလို့မရပါဘူး။ ပြီးခဲ့တဲ့ ရက် ၂၀ ကျော်လောက်က နေတအားပူပြင်းလို့ ကြက် ၃၆၀ တစ်ရက်သေတယ်။ ပြီးရင် ၁၆၀ ကျော်လောက် တစ်ရက်သေတယ်။ လေမဝင်ဘူးဆိုပြီး ခြံဘေးနားကအလုပ်သမားတွေကို လေဝင်အောင် နည်းနည်းခုတ်လိုက်ဆိုပြီး ပြောဖူးတယ်။ တမင်ရည်ရွယ်ပြီး လုံးဝခုတ်ခဲ့တာမဟုတ်ပါဘူး။ ဖျက်လိုရာဖျက်ကြောင်း၊ သူများဟာကိုကျူးကျော်ပြီး လုပ်တဲ့သဘောမျိုးလည်းမဟုတ်ပါ။ ကြက်ခြံကလည်း လေဒဏ်ကိုလည်း ခံနိုင်ဖို့လိုတယ်။ လှိုင်းဒဏ်ကိုလည်း ခံနိုင်ဖို့လိုပါတယ်။ အဲဒီနေ့က အုပ်ချုပ်ရေးမှူးကိုတော့ သွားမတိုင်ခဲ့ရပါဘူး“ဟု ပြောသည်။

ကျေးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းသာကလည်း နှစ်လရှည်ကြာစိုက်ပျိုးခဲ့သည့် ဒီရေတောပင်များ ပျက်စီးသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ကြက်ခြံပိုင်ရှင်ကိုလည်း ပြန်လည်စိုက်ပျိုးပေးရန် ပြောဆိုထားသည်ဟု ဆိုသည်။

“ဒီရေပင်တွေက အရေးကြီးတယ်ပေါ့။ ရေလှိုင်းဒဏ်တွေကို ကာကွယ်ထားတာလေ။ သဘာဝဘေးအန္တာရာယ် ကာကွယ်အောင်အတွက်လုပ်ထားတာကို သူတို့ကလည်းမသိဘူးပေါ့။ ကြက်ခြံလေဝင်လေထွက်ကောင်းအောင် နည်းနည်းခုတ်လိုက်ရတယ်ဆိုပြီး ခြံပိုင်ရှင်ကလာပြောပါတယ်။ သူကလည်း မသိလို့ခုတ်လိုက်တဲ့အတွက် ပြန်ပြီးတော့စိုက်ပျိုးပေးစေချင်တယ်ပေါ့“ဟု ပြောသည်။

ဒီရေတောပင်များ မစိုက်ပျိုးမီကာလတွင် ၎င်းကျေးရွာများသို့ လှိုင်းရိုတ်ပုတ်မှုများရှိသည့်အတွက် ရွာမြေနေရာများ၊ အိမ်ရာများ ဆုံးရှုံးမှုများရှိခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က နိုင်ငံခြားအဖွဲ့အစည်းများနှင့် ဒေသခံများစုပေါင်းကာ ဒီရေတောစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။