တောတောင်အမှီပြု ရခိုင်ဒေသခံများ မိုင်းနင်းမိမှု ဆက်တိုက်ဖြစ်နေ 

ရခိုင်ဒေသခံများမှာ ကုန်းလမ်း၊ ရေးလမ်း ပိတ်ဆို့ခံရမှုနှင့်အတူ စစ်ပွဲကြောင့် လုပ်ကိုင်စားသောက်မှု အဆင်မပြေ ဖြစ်နေကြသည်။ ထို့ကြောင့် မိုင်းအန္တရာယ်ရှိသော်လည်း တောတောင်ကိုအရဲစွန့်ကာ ဝမ်းစာရှာဖွေနေကြရသည်။ 

By Admin 25 Jul 2024

တောတောင်အမှီပြု ရခိုင်ဒေသခံများ မိုင်းနင်းမိမှု ဆက်တိုက်ဖြစ်နေ 

DMG ၊ ဇူလိုင် ၂၅

ရခိုင်ပြည် ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်ဖြူနှင့် ဂွမြို့နယ်တို့တွင် နှစ်ရက်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး၊ သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

ဇူလိုင် ၂၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အသက် (၃၀) အရွယ် ကိုဇွဲအောင်အောင်သည် ကျေးရွာအနီးက တောင်တန်းတွင် မျှစ်ချိုးနေစဉ် မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွားသည်။

“သူက ရွာအနီးက တောင်ပေါ်မှာ မျှစ်သွားရှာတာပါ။ အဲဒီမှာက အရင်တုန်းက စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တာ ရှိပါတယ်။ စစ်ကောင်စီထောင်ခဲ့တဲ့ မိုင်းထိတာလို့ ပြောလို့ရတာပေါ့” ဟု ပုဏ္ဏားကျွန်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ဇူလိုင် ၂၃ ရက်၊ နေ့လယ်ပိုင်းအချိန် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ အသက် (၃၀) အရွယ် ကိုထွန်းနိုင်စိုးမှာ ရွာနှင့်နှစ်မိုင်ခန့်အကွာရှိ တောင်ဖြူတောင်၌ မျှစ်ချိုးနေစဉ် မိုင်းပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ 

“တောင်ဖြူတောင်ဆိုတာက အရင်တုန်းက စစ်ကောင်စီတပ်စွဲခဲ့တဲ့နေရာ။ ဒီကောင်တွေက တပ်စွဲတဲ့နေရာတိုင်းကို မိုင်းထောင်လေ့ရှိတော့ ဒေသခံတွေမှာ သွားလာရတာ အရမ်းအန္တရာယ်များတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ်(၂) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် ကိုပေါက်ကျိုင်းမှာလည်း ယမန်နေ့က မြို့အနီးရှိတောင်တွင် ဒညှင်းသီးသွားခူးစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။ 

ဂွမြို့နယ်တွင် စစ်ကောင်စီက ကားလမ်းအနီး၊ တောတောင်များ စသည့်နေရာများတွင် မိုင်းထောင်ထားသည်ကို ဒေသခံများက သိထားကြသော်လည်း စားဝတ်နေရေးအခက်အခဲကြောင့် အသက်စွန့်၍ သွားနေကြရသည်။ 

အလားတူ ဇူလိုင် ၂၄ ရက်က ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက် အနောက်ဖက်ရှိ ကျောက်ဆင်တောင်အနီးတွင် အသက် (၂၀) အရွယ် မောင်ပြည်ဇော်ဖြိုးမှာ အဖော်နှစ်ဦးနှင့်အတူ ဟင်းရှာနေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ 

ကျောက်ဖြူမြို့ပေါ်ရှိ စေတီယျ၊ တောင်ရင်း၊ ငလပွေ့ရပ်ကွက်အပါအဝင် မြို့ပေါ်သို့ ဝင်ရောက်နိုင်သည့် အောင်စေတီ၊ အုန်းတော၊ ဂုံးချွိန်၊ နှမ်းဖဲတောင်၊ ပြိုင်းစေ့ကေ၊ စိုင်ခြုံဒွိန် စသည့် ကျေးရွာအနီးတို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စစ်ကောင်စီက မြေမြှုပ်မိုင်းများထောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ဒေသခံများမှာ ကုန်းလမ်း၊ ရေးလမ်း ပိတ်ဆို့ခံရမှုနှင့်အတူ စစ်ပွဲကြောင့် လုပ်ကိုင်စားသောက်မှု အဆင်မပြေ ဖြစ်နေကြသည်။ ထို့ကြောင့် မိုင်းအန္တရာယ်ရှိသော်လည်း တောတောင်ကိုအရဲစွန့်ကာ ဝမ်းစာရှာဖွေနေကြရသည်။ 

“လက်လုပ်လက်စားတွေမှာက တောတောင်ထဲသွားရင် မိုင်းထိမှာကို စိုးရိမ်ရပေမယ့် တခြားလုပ်စားစရာမှ မရှိတာ။ အရဲစွန့်ပြီးရှာစားကြရတာပေါ့” ဟု မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဗီဒီယိုများ