အကြမ်းဖက်မှုဖြင့်အမှုဖွင့်ခံထားရသည့် မြောက်ဦးမှ လူငယ်စာရေးဆရာကို ဒုတိယအကြိမ်ရမန်ယူ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှာ လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ကာ ယနေ့(အောက်တိုဘာလ ၂၉ ရက်)နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ရမန်ယူခဲ့ကြောင်း သိရသည်။

29 Oct 2021

DMG ၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှာ လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ကာ ယနေ့(အောက်တိုဘာလ ၂၉ ရက်)နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ရမန်ယူခဲ့ကြောင်း သိရသည်။

လူငယ်စာရေးဆရာ မင်းဒီပါ (၂၃)နှစ်ကို ယနေ့မွန်းလွဲပိုင်းက မြောက်ဦးရဲစခန်းမှခေါ်ဆောင်ကာ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ချုပ်ရမန်နှစ်ပတ်ယူခဲ့ကြောင်း မိသားစုကပြောသည်။

၎င်းကို ဖမ်းဆီးခံရသည့်နေ့မှစ၍ ၁၄ ရက်ကြာပြီးမှ ယနေ့ရုံးချိန်းတွင် မိသားစုဝင်များနှင့်ပထမအကြိမ် တွေ့ခွင့်ရခဲ့ကြောင်း အစ်ကိုဖြစ်သူ ကိုအောင်မြင့်ကပြောသည်။

“အခုက ရမန်ယူကာလဖြစ်လို့ ဆက်ပြီးဘာဖြစ်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးဘူး။ ဒီနေ့မှာတော့ ကျွန်တော်ညီလေးနဲ့တွေ့ခွင့်ရခဲ့တယ်။ ခဏတဖြုတ်တွေ့ခဲ့ရတာဖြစ်တဲ့အတွက် ထွေထွေထူးထူးတော့ စကားမပြောဖြစ်ခဲ့ဘူး”ဟု ကိုအောင်မြင့်က ပြောသည်။

လူငယ်စာရေးဆရာ မင်းဒီပါကို ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် အရပ်ဝတ်ဖြင့်လက်နက်ကိုင်ဆောင်ထားသူ ၁၀ ဦးခန့်က ကားအမဲရောင်တစ်စီးဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

၎င်းကို စစ်ကောင်စီကိုတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အောက်တိုဘာ ၁၈ နေ့က မြောက်ဦးမြို့ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ၎င်းချုပ်နှောင်ခံထားရသည့် မြောက်ဦးရဲစခန်းမှာ ခေါ်ဆောင်ကာပထမအကြိမ် မြို့နယ်တရားရုံး၌ ရမန်ယူခဲ့ကြောင်းလည်း သိရသည်။

“အမှုဖွင့်ထားတာနဲ့ပတ်သက်လို့ လောလောဆယ်အနေအထားရတော့ ကျွန်တော်တို့လည်း ဘာမှမပြောနိုင်သေးဘူး။ ခိုင်မာတဲ့သက်သေအထောက်ထားကိုလည်း ညီလေးက ဘာမှမပြောသေးဘူး။ သူကပြောမှာပါ။ ဒီအမှုကိုမြန်မြန်ဆန်ဆန်ပဲပြီးစေချင်ပါတယ်။ အချိန်တွေကုန်ဆုံးနေရတယ်”ဟု ဖမ်းဆီးထားရသူ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်ကပြောသည်။

လူငယ်စာရေးဆရာ ‘မင်းဒီပါ’သည် ဝတ္ထုများရေးသားလျက်ရှိကာ ပြီးခဲ့သည့်လတွင်လည်း ‘မာယာကင်းမဲဇုံ’အမည်ပေးထားသည့် လုံးချင်းဝတ္ထုစာအုပ် တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သေးသည်။

လူငယ်စာရေးဆရာ မင်းဒီပါ ဖမ်းဆီးအမှုဖွင့်ခံထားရသည့်ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးရဲစခန်းသို့ DMG မှဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ရခိုင်ပြည်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ဆက်စပ်သည်ဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်ဖြင့် အမှုဖွင့်ခံထားရသူမှာ သံတွဲမြို့နယ်မှ နှစ်ဦးအပါအဝင် လက်ရှိတွင် သုံးဦးအထိရှိလာနေပြီဖြစ်သည်။