မင်းပြားတွင် လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံး၊ (၆)ဦးဒဏ်ရာရ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ယနေ့(အောက်တိုဘာလ ၁၇ ရက်)၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ (၃)ရွာမှ ကျောင်းဆရာမ(၁)ဦးအပါအဝင် ကလေးငယ်များနှင့် ဒေသခံ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦးသေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

By Admin 17 Oct 2022

မင်းပြားတွင် လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံး၊ (၆)ဦးဒဏ်ရာရ

DMG၊ အောက်တိုဘာ ၁၇

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ယနေ့(အောက်တိုဘာလ ၁၇ ရက်)၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာ (၃)ရွာမှ ကျောင်းဆရာမ(၁)ဦးအပါအဝင် ကလေးငယ်များနှင့် ဒေသခံ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦးသေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများထံမှ သိရသည်။

အဆိုပါ ဒဏ်ရာရ သေဆုံးသူများမှာ ဆင်ကြီးပြင်ကျေးရွာမှ (၅)ဦး ဒဏ်ရာရ၊ ဖလောင်းပြင်ကျေးရွာမှ (၃)ဦးတွင် (၂)ဦးသေဆုံးကာ (၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ထောင့်ချောင်းကြီးကျေးရွာမှ (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းက မင်းပြားမြို့နယ်၊ ငါးတန်ပျင်းတံတားအနီးတွင် သွားလာနေသည့် မြန်မာစစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြို့ပေါ်ရှိ တပ်ရင်းများဖြစ်သော ခမရ(၃၈၀)၊ ခမရ(၅၄၁) ကျိန်းတောင်ဘုရားတောင်၊ ခမရ(၃၇၉)တို့မှ မင်းပြားတောင်ဘက်ရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဆင်ကြီးပြင်ကျေးရွာမှ ဒေါ်ဖြူမစိန် (၅၈)နှစ်တွင် ဘယ်ဖက်နားအောက် ဒဏ်ရာရ၊ မကျော့ရီ (၂၂)နှစ်တွင် ညာဖက်ခြေနှင့် ဦးခေါင်းတွင် ဒဏ်ရာရ၊ ရတနာအောင် (၄)နှစ်တွင် မေးစေ့အောက်ဒဏ်ရာရ၊ မစုမြတ်ဝေ (၃)နှစ်တွင် ညာဖက်လက်၊ ခေါင်းဒဏ်ရာရ၊ မညိုသာ (၆၀)နှစ်တွင် ညာဖက်ပက်ခုံဒဏ်ရာတို့ ရရှိခဲ့ကြသည်။

“ရွာက တိုက်အိမ်မှာတစ်လုံးမှာ လက်နက်ကြီးကတစ်လုံးလာကျပေမယ့် လူတွေက လွတ်လိုက်တယ်။ နောက်တစ်လုံးကကျတော့ အခြားအိမ်တဆောင်ကို လာကျပြီးတော့ ဘေးပတ်ဝန်းကျင်ကလူတွေဆီ လွှင့်စဉ်ကျသွားတာ။ အခု ဒဏ်ရာရသူတွေက လက်နက်ကြီး တစ်လုံးတည်းမှာဘဲ အကုန်ထိသွားကြတဲ့သူတွေပါ” ဟု ဆင်ကြီးပြင်ကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။

အလားတူ ဖလောင်းပြင်ကျေးရွာမှ မဆန်းနွယ်စိုး (၁၀)နှစ်တွင် မျက်လုံးနှစ်ဖက်လုံးဒဏ်ရာရ(သေဆုံး)၊ မလှဆန်းယဉ် (၂၃)နှစ်တွင် ဘယ်ဖက်ပေါင်ထိမှန်ဒဏ်ရာရ (သေဆုံး)နှင့် ဒေါ်ဦးမြစိန် (၆၀)နှစ်တွင် ညာဖက်ခြေမနောင့် ပြတ်ထွက်ဒဏ်ရာတို့ အသီးသီးရရှိခဲ့ကြသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖလောင်းပြင်ရွာသားတစ်ဦးက “လက်နက်ကြီးတွေက ကျနော်တို့ရွာဖက်ကိုပဲ ပစ်နေတာ။ ရွာနားပတ်ပတ်လည်ကို အချက် ၁၀ လောက်ကျတယ်။ ပြီးတော ့ရွာထဲကို တစ်လုံးကျလာပြီးတော့ အိမ်ကလူတွေ အခုလို ဒဏ်ရာရသွားကြတာပါ”ဟု ပြောသည်။

ယင်းအပြင် ကျောင်းဆရာမ ဒေါ်မမြစော(၄၈)နှစ်မှာ ထောင့်ချောင်းကြီးကျေးရွာ စာသင်ကျောင်းတွင် စာပြနေရာမှ လက်နက်ကြီးပစ်ခတ်သံကြား၍ ထွက်ပြေးရာတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ယာဘက်ရင်အုံတွင် ပြင်းထန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဒီနေ့ ညနေ ၃ နာရီကျော်လောက်မှာ အဲဒီဆရာမက ကျောင်းကနေဆင်းလာတာ။ သူက ရွာမှာ တာဝန်ကျနေတာ။ ကျိန်းတောင်က သူတို့(မြန်မာစစ်တပ်)က လက်နက်ကြီးပစ်လို့ ရွာထဲကိုကျလာတာ။ အဲဒီမှာ လက်နက်ကြီးကျပြီးတော့ သေသွားတာပါ။ တခါတည်းပွဲချင်းပြီး သေသွားပါတယ်”ဟု ထောင့်ချောင်းကြီး ကျေးရွာသားတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယနေ့ နံနက် ၁၂ နာရီခန့်တွင် မင်းပြားမြို့နယ် ငါးတန်ပြင်တံတားအနီးတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါတိုက်ပွဲကြောင့် မြန်မာစစ်တပ်က အနီးအနားရှိကျေးရွာများကို လက်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ပြောသည်။

“ဒီနေ့ နံနက် ၁၁ နာရီကျော်မှာ မင်းပြားမြို့နယ် ငါးတန်ပြင်တံတားအနီးမှာ မြန်မာစစ်တပ်နဲ့ ထိတွေ့မှု ဖြစ်တာရှိတယ်။ တိုက်ပွဲကတော့ မိနစ် ၂၀ လောက်ဖြစ်ခဲ့တယ်။ တိုက်ပွဲဖြစ်တော့ မြန်မာစစ်တပ်ကနေပြီးတော့ အနီးအနားကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိတယ်။ အဲဒီလို လက်နက်ကြီးတွေလှမ်းပစ်လို့ မင်းပြားမြို့နယ်ရွာတွေမှာ ကျပြီးတော့ အရပ်သားတွေ ဒဏ်ရာရသွားတာရှိတယ်”ဟု ဦးခိုင်သုကဆိုသည်။

AA တပ်ဖွဲ့ဝင်များ ရှိသည့်နေရာသို့ မြန်မာစစ်တပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ထိပ်တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ကျဆုံးဒဏ်ရာရမှုများလည်းရှိခဲ့ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေအပါအဝင် မင်းပြားတပ်ရင်းများမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်ချုပ်မှူးကြီး ဇော်မင်းထွန်းနှင့် ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။