- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီမှ လွတ်ငြိမ်းခွင့်ပေးရာတွင် AA သံသယဖြင့် ဖမ်းဆီးခံရသူများမပါဝင်သဖြင့် မိသားစုဝင်များစိတ်ပျက်
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၆၀၀ ကျော်ကို စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ ပါဝင်လာခြင်းမရှိသဖြင့် မိသားစုဝင်များက စိတ်ပျက်နေကြသည်။
19 Apr 2022
DMG ၊ ဧပြီ ၁၉
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၆၀၀ ကျော်ကို စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ ပါဝင်လာခြင်းမရှိသဖြင့် မိသားစုဝင်များက စိတ်ပျက်နေကြသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ ရက္ခိုင့်တပ်တော်နေ့တွင် တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းသုံးဦးကို AA က လွှတ်ပေးခဲ့သဖြင့် စစ်ကောင်စီက နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင်လည်း AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများ ပါဝင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မျှော်လင့်ချက်မပြည့်ဝခဲ့ဟု မိသားစုဝင်များကပြောသည်။
“လွှတ်စေချင်တဲ့ ဆန္ဒတော့ရှိတာပေါ့။ အခုနှစ်ဆန်းတစ်ရက်လွှတ်တဲ့အထဲမှာလည်း ပါမလာဘူး။ ကိုယ့်သားနဲ့ ကိုယ့်မောင်ကို အမြန်ဆုံးလွတ်အောင် အားလုံးဝိုင်းပြီးကူညီပေးစေချင်တယ်။ အခုနှစ်ဆန်းတစ်ရက်မှာလည်း လွတ်မလားလို့အားကိုးနေတာ။ ဒါပေမဲ့ လွတ်တဲ့အထဲမှာမပါဘူး။ လာမယ့်ရုံးချိန်းမှာတော့ လွှတ်စေချင်တယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒိုင်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကိုနေလင်းဌေး၏ မိခင်ဒေါ်အောင်သန်းနုက DMG သို့ ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေးနှင့် ဦးမောင်စောအေးတို့ကို ပြီးခဲ့သည့် နှစ်နှစ်ခန့်ကပင် AA နှင့်ဆက်စပ်ပြီးဖမ်းဆီးထားကာ အမိန့်ချမှတ်ရန်ချိန်းဆိုနေသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။ ၎င်းတို့အမှုကို လာမည့်ဧပြီလ ၂၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် စစ်တွေခရိုင်တရားရုံးက ချိန်းဆိုထားသည်။
အလားတူ ထင်ရှားသောအမှုတစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ငါးဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လိမ့်မည်ဟု မိသားစုဝင်များမျှော်လင့်ခဲ့ကြသည်။ ကျောက်ဆိပ်ဒေသခံ ငါးဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခု၊ ဧပြီလကပင် ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး စစ်ရေယာဉ်ပေါ်တွင် ရိုက်နှက် စစ်ဆေးမှုကိုခံခဲ့ရကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရသူများဖြစ်သည်။
၎င်းတို့ငါးဦး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသည့်အပေါ် ဖမ်းဆီးခံထားရသည့် ကိုညီညီအောင်၏ မိခင်ဖြစ်သူက “ပြောတောင်မပြောချင်တော့ဘူး”ဟု ဆိုသည်။
နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးရာတွင် ရခိုင်ပြည်ရှိ အကျဉ်းထောင်အသီးသီး၌အကျဉ်းကျနေသည့် အကျဉ်းသား ၄၀ ကျော်ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဟင်အောင်ကပြောသည်။
“AA နဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့သူတွေထဲက တစ်ယောက်မှလွတ်မြောက်လာတာမရှိဘူး။ တခြား ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး လွတ်တဲ့သူတွေရှိတယ်။ ရာဇဝတ်မှုမှာက လူသတ်မှု၊ ခိုးမှု အဲလိုအမှုတွေပါတယ်။ အဲလိုရာဇဝတ်မှုနဲ့ပတ်သက်တဲ့သူတွေပဲ လွတ်ပြီးတော့ AA နဲ့ ဖမ်းဆီးထားတဲ့သူတွေထဲက တစ်ယောက်မှ လွတ်မြောက်လာတာမတွေ့ရဘူး”ဟု စာရေးဆရာလည်းဖြစ်သူ ၎င်းကပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်ဧပြီလ ၁၇ ရက်နေ့က အကျဉ်းသား ၁၅၇၇ နှင့် နိုင်ငံခြားသားအကျဉ်းသား ၄၂ နှစ်ဦးတို့ကို “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့သည်။
ရခိုင်ပြည်တွင် AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၇၀ ဦးခန့်ကျန်ရှိနေသေးကြောင်း စာရင်းကောက်ယူထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝေဟင်အောင်ထံမှ သိရသည်။