မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဟု စစ်ကောင်စီမှ ပြင်ဆင်သည့်ဥပဒေကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ကန့်ကွက်

မူလက အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ)တွင် အခြေခံပညာအဆင့်တွင် လိုအပ်ချက်ရှိလျှင် တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ သင်ကြားမှုဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်ဟု ပြဌာန်းခဲ့သည်။

By Admin 31 Oct 2022

မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဟု စစ်ကောင်စီမှ ပြင်ဆင်သည့်ဥပဒေကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ကန့်ကွက်

စစ်ကောင်စီက အသစ်ပြင်ဆင်ပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေကို မြန်မာ့အလင်းစာတွင် တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၃၁

စစ်ကောင်စီသည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်နေ့က ပြဌာန်းလိုက်ပြီး ယင်းဥပဒေတွင် မြန်မာဘာသာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဆိုသည့် အချက်လည်းပါဝင်သဖြင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကန့်ကွက်လိုက်သည်။

စစ်ကောင်စီ၏ အဆိုပါဥပဒေပြင်ဆင်ချက်သည် မြန်မာနိုင်ငံရှိ ဗမာမဟုတ်သော တခြားသောတိုင်းရင်းသား လူမျိုးများ၏ မိခင်ဘာသာစကားကို ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် လူမျိုးကြီးဝါဒဆန်စွာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သူတို့(စစ်ကောင်စီ)က ပြင်ဆင်လိုက်တဲ့ ဥပဒေထဲမှာ ကျနော်တို့မကြိုက်တာက တစ်ချက်တည်းမဟုတ်ဘူး။ အများကြီးရှိတယ်။ ဒါပေမယ့် ကျနော်တို့က ဦးစားပေးအနေနဲ့ ပုဒ်မ-၄၃ ပုဒ်မခွဲ(ခ) ပြင်ဆင်ချက်ကို ကန့်ကွက်တာဖြစ်တယ်။ အခု သူတို့ပြင်ဆင်လိုက်တာက ကျနော်တို့ တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကားတွေကို ဖောက်ဖျက်လိုက်ရာ ကျတယ်လို့ပြောရမယ်။ အမှန်တကယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို လုံးဝကို သတ်မှတ်ပေးရမယ်”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်ကပြောသည်။

မူလက အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ)တွင် အခြေခံပညာအဆင့်တွင် လိုအပ်ချက်ရှိလျှင် တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ သင်ကြားမှုဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်ဟု ပြဌာန်းခဲ့သည်။ သို့သော် စစ်ကောင်စီသည် ပုဒ်မခွဲ(ခ)ကို မြန်မာဘာသာစကား တစ်ခုတည်းကိုသာ စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် ပုဒ်မ ၄၄ တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြား၊သင်ယူမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ မူလတန်းအဆင့်မှစတင်၍ အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်နိုင်သည်ဟု မူလပြဌာန်းချက်တွင် ဖော်ပြထားသည်။

သို့ရာတွင် ယင်းပုဒ်မတွင် “တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ယူမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံပညာ မူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည်”ဟု ပြင်ဆင်ပြဌာန်းလိုက်သည်။

ယင်းသို့ပြင်ဆင်လိုက်သည့် ပုဒ်မ-၄၄ အရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်သည်ဟု ပါရှိသည့်အတွက် အခြေခံပညာကျောင်းသား/သူများနှင့် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများအတွက် အခက်အခဲဖြစ်လာနိုင်သည်ဟု စစ်တွေတက္ကသိုလ်မှ ဥပဒေဘာသာရပ်ကို တက်ရောက်နေသည့် ကျောင်းသားတစ်ဦးကပြောသည်။

“အခုလိုမျိုး ပြဌာန်းလိုက်တဲ့အတွက် တိုင်းရင်းသားဘာသာစကား သင်ကြားရေးလုပ်ငန်းကို လုပ်ချင်လည်း လုပ်လို့ရမယ်။ မလုပ်ချင်လည်း မလုပ်လို့ရတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အရင်ကတော့ လုပ်ကိုလုပ်ရမယ်လို့ အမိန့်ပေးထားတဲ့ပုံစံမျိုးဖြစ်နေတယ်”ဟု သူကဆိုသည်။

စစ်ကောင်စီအနေဖြင့် အဆိုပါဥပဒေကို ပြင်ဆင်ရေးဆွဲရာတွင် နိုင်ငံရေးပါတီများ၊ ကျောင်းသားသပိတ်ကို ထောက်ခံသည့်ပြည်သူများ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီများ၊ ကျောင်းသားသမဂ္ဂတို့ဖြင့် ပူးပေါင်းဆွေးနွေးပြီးမှသာလျှင် ပြဌာန်းသင့်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကိုဦးသန်းနိုင်က ပြောသည်။

စစ်တပ်က တိုင်းပြည်အာဏာကိုသိမ်းယူပြီးနောက် ဥပဒေများကို ပြင်ဆင်ပြဌာန်းခြင်း၊ အသစ်ရေးဆွဲခြင်းများကို ဆက်တိုက်လုပ်ဆောင်လာနေသည်။