- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် စစ်တပ်ထုတ်ကုန်များကို လုံးဝမသုံးစွဲကြရန်တိုက်တွန်း
ရခိုင်ပြည်အတွင်းရှိ ပြည်သူများအနေဖြင့် မြန်မာစစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ(လုံးဝ)မသုံးစွဲကြရန်နှင့် ရောင်းဝယ်ဖောက်ကား မှုများလည်း မပြုလုပ်ကြရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
31 Aug 2022
DMG ၊ သြဂုတ် ၃၁
ရခိုင်ပြည်အတွင်းရှိ ပြည်သူများအနေဖြင့် မြန်မာစစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ(လုံးဝ)မသုံးစွဲကြရန်နှင့် ရောင်းဝယ်ဖောက်ကား မှုများလည်း မပြုလုပ်ကြရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
“အဓိကတော့ သူတို့(စစ်တပ်)ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သုံးစွဲတဲ့ငွေကြေးတွေဟာ သူတို့ဆီကိုပဲရောက်တာဖြစ်တယ်။ သူတို့ထုတ်ထားတဲ့ပစ္စည်းတွေကို မသုံးဖို့ဆိုတာက သူတို့ရဲ့ဝင်ငွေတွေနဲ့ပတ်သက်ပြီး ဒီဘက်က အားပေးနေတဲ့ပုံစံမျိုးမဖြစ်ရအောင် တောင်းဆိုရတာဖြစ်တယ်”ဟု အဆိုပါကွန်ရက်မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်တပ်ထုတ်ကုန်ပစ္စည်းများဖြစ်သည့် အရက်၊ ဘီယာများဖြစ်သည့် Myanmar Beer ၊ Andaman Gold၊ Black Shield စသည့်ယမကာများ၊ ပရီးမီးယားဆေးလိပ်၊ ရူဘီစီးကရက်များ၊ ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် Mytel ဆင်းကဒ်များကို ရခိုင်ပြည်အတွင်းတွင် သုံးစွဲနေကြဆဲဖြစ်သည်ကိုတွေ့ရှိရသည်ဟု ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားလာနေပြီး အပြစ်မဲ့အရပ်သားများမှာလည်း သေဆုံးမှုများအထိဖြစ်လာသည်ကိုတွေ့မြင်နေရသော လူငယ်များမှာ အမျိုးသားရေးရေရှိန်မြင့်လာသည့်အတွက် စစ်တပ်ထုတ်ကုန်များကိုအသုံးမပြုကြရန် နှိုးဆော်လာကြခြင်းဖြစ်သည်ဟု ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။
“ကျနော်မြင်တာက အခုစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ပွဲတွေဖြစ်နေကြတယ်။ စစ်မြေပြင်မှာ လက်နက်ကြီးတွေဟာ ဒေသခံတွေဆီကိုကျတယ်။ ဘုရားကျောင်းကန်တွေကို ကျတာတွေရှိတယ်။ အပြစ်မဲ့အရပ်သားတွေသေဆုံး၊ ဒဏ်ရာရကြတယ်။ အဲဒါတွေကိုမြင်တဲ့အတွက် လူငယ်တွေဟာ အမျိုးသားရေးစိတ်ဓာတ်တွေ တက်ကြွလာတဲ့သဘောမျိုးဖြစ်တယ်။ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်ဘီယာ စတဲ့အရာတွေအသုံးမပြုဖို့၊တားမြစ်တဲ့၊ နှိုးဆော်တဲ့ကြောညာချက်လို့မြင်တယ်”ဟု သူကဆိုသည်။
သို့သော် မြန်မာနိုင်ငံတွင် အခြေခံလူသုံးကုန်ပစ္စည်းများမှအစ စားသောက်ကုန်လုပ်ငန်းများ၊ စက်မှုပစ္စည်းလုပ်ငန်းများ၊ ဒီဇယ်ဆီ စသည့်လုပ်ငန်းများမှာ စစ်တပ်နှင့်မကင်းလွတ်သည့် ကုမ္မဏီများဖြစ်နေသည့်အတွက် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို မသုံးစွဲကြရန်နှင့် ရောင်းဝယ်ဖောက်ကားမှုများမပြုလုပ်ကြရန် နှိုးဆော်ချက်မှာ မြေပြင်အခြေအနေတွင် အောင်မြင်ရန်မလွယ်ကူကြောင်း ၎င်းကဆက်ပြောသည်။
လက်ရှိတွင် တိုက်ပွဲတကျော့ပြန်ပြင်းထန်လာပြီး မြန်မာစစ်တပ်သည် ပြည်သူများအပေါ် အကြမ်းဖက်ကျုးလွန်သည့်လုပ်ရပ်များကို ယခင်ထက် ပိုမိုကျုးလွန်လာကြောင်းနှင့် စစ်တပ်၏ နေ့စဉ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်နေသော လက်နက်ကြီးအန္တရာယ်များ၊ ကျေးရွာအနီးအနားတွင် ထောင်ထားခဲ့သော မိုင်းအန္တရာယ်များကြောင့် များစွာသောအပြစ်မဲ့ပြည်သူများ သေကြေပျက်စီး ကြရသည့်အပြင် စစ်ဘေးရှောင်ပြည်သူများမှာလည်း ယခင်ထက်ပိုမိုများပြားကာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်မှ ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကို ရပ်တည်ထောက်ခံကြသော နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ ရခိုင်ဒေသနှင့် မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပေါ်ပေါ်ထင်ထင်ကျုးလွန်နေသော မြန်မာစစ်တပ်၏လူမဆန်သောလုပ်ရပ်များ ရပ်တန့်စေရန်ဖိအားပေးခြင်းများကို ပိုမိုပြင်းထန်စွာလုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း အဆိုပါကွန်ရက်မှ တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကိုလက်မခံသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး မြန်မာစစ်တပ်၏ထုတ်ကုန်များကို မသုံးစွဲကြရန် ပိတ်ပင်တားဆီးမှုများလည်းရှိနေသည်။