စစ်ခေါင်းဆောင် သမ္မတနေရာယူခြင်းမှာ “အရှက်အကြောက်မဲ့ခြင်း” ဟု နိုင်ငံရေးအကဲခတ်များ ဝေဖန် 

ယာယီသမ္မတ ဦးမြင့်ဆွေအား အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း ဇူလိုင် ၁၈ ရက်နေ့မှာ ထုတ်ပြန်ပြီး ၅ ရက်အကြာတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီ သမ္မတတာဝန်ကို ယူလိုက်ခြင်းဖြစ်သည်။

By Admin 23 Jul 2024

စစ်ခေါင်းဆောင် သမ္မတနေရာယူခြင်းမှာ “အရှက်အကြောက်မဲ့ခြင်း” ဟု နိုင်ငံရေးအကဲခတ်များ ဝေဖန် 

DMG ၊ ဇူလိုင် ၂၃

စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေသည့် ကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူထားသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်လွှဲပြောင်းယူလိုက်ကြောင်း ဇူလိုင် ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။ 

“အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေဆေးခွင့်ယူ၍ တာဝန်ဝတ္တရားများဆောင်ရွက်ရန် ပျက်ကွက်နေစဉ် ယာယီသမ္မတ တာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌထံသို့ လွှဲအပ်ခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတတာဝန်ကို ယူလိုက်ခြင်းအပေါ် နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က “၂၀၀၈ အခြေခံဉပဒေကို ဆုပ်ကိုင်ပြီးတော့ ဘယ်သူမှမခန့်ရင်လည်း သူဘာသာသူခန့်တယ် ဆိုပြီးတော့ သမ္မတရာထူး ခေါင်းစဉ်တံဆိပ်ကို ရယူလိုက်တာဖြစ်တယ်။ အလွန်အရှက်အကြောက်မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ဝေဖန်သည်။

“အဲဒါကို သူတို့နဲ့ဆက်စပ်နေတဲ့ သုံးလေးနိုင်ငံကလွဲလို့ ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အခုသူက သမ္မတတာဝန်ကို ထမ်းဆောင်မယ်ဆိုတော့ ကာလုံအစည်းအဝေးကို သူဦးဆောင်ပြီးတော့ တက်ရောက်မယ်။ သူဆွေးနွေးဆုံးဖြတ်လိမ့်မယ်” ဟု ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

စစ်ကောင်စီသည်အာဏာသိမ်းပြီးနောက် NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်သော ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ တို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် တာဝန်ပေးခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဧပြီ ၂၂ ရက်နေ့မှာ ကျန်းမာရေးအကြောင်းပြပြီး အနားယူသွားခဲ့သည်။

ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေကလည်း ကျန်းမာရေးကြောင့် အလုပ်တာဝန်များကို မဆောင်ရွက်နိုင်သဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း ဇူလိုင် ၁၈ ရက်နေ့မှာ ထုတ်ပြန်ပြီး ၅ ရက်အကြာတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီ သမ္မတတာဝန်ကို ယူလိုက်ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်သည် ၂၀၀၈ အခြေခံဉပဒေကိုကိုင်စွဲကာ သူ့အိပ်မက်များကို အကောင်ထည်ဖော်ပြီး လုပ်ချင်သလို လုပ်နေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးသမားများက ဆိုသည်။

“အခုအချိန်မှာတော့ မင်းအောင်လှိုင်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်၊ သမ္မတတာဝန်၊ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်၊ ကာလုံမှာလည်း နေရာယူထားတယ်။ ခြုံပြီးတော့ပြောရရင် အာဏာဟူသမျှ သူလက်ထက်မှာ ရှိနေတယ်။ သူလုပ်ချင်တာလုပ်လို့ရတယ်။  ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေအတွက် ကောင်းကျိုးဖြစ်၊ မဖြစ်ဆိုတာတော့ စောင့်ကြည့်ရမှာပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ  ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီက ငါးကြိမ်မြောက်တိုးထားသည့် အရေးပေါ်သက်တမ်းကာလမှာ လာမည့် ဇူလိုင်လ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် နောက်ထပ်တိုးသည်ဖြစ်စေ၊ မတိုးသည်ဖြစ်စေ မြန်မာ့နိုင်ငံရေးသည် အပြောင်းအလဲမရှိဘဲ စစ်ပွဲများသာ ကျယ်ပြန့်လာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုကြသည်။

ဗီဒီယိုများ