မိုးဗြဲတွင် တိုက်ပွဲကြောင့် ဒေသခံထောင်ချီထွက်ပြေး

ကယား(ကရင်နီ)ပြည်နယ် မိုးဗြဲမြို့တွင် သြဂုတ်လ ၂၇ နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ထောင်နှင့်ချီသောဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း မြို့ခံများထံမှသိရသည်။

31 Aug 2022

ဓာတ်ပုံ- မိုးဗြဲစစ်ဘေးရှောင်ကူညီရေး ကော်မတီ

DMG ၊ သြဂုတ် ၃၁

ကယား(ကရင်နီ)ပြည်နယ် မိုးဗြဲမြို့တွင် သြဂုတ်လ ၂၇ နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ထောင်နှင့်ချီသောဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်း မြို့ခံများထံမှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်ညပိုင်းမှစ၍ မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီတပ် အင်အားတစ်ရာကျော်ဖြင့်ဝင်ရောက်လာစဉ် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မိုးဗြဲမြို့ခံတစ်ဦးကပြောသည်။

“မြို့တွင်းထဲကို စစ်တပ်အင်အားတစ်ရာနီးပါးနဲ့ ဝင်လာတာ။ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေရင်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေပါရှိခဲ့တယ်”ဟု ၎င်းကဆိုသည်။

နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်မှုများကြောင့် မြို့တွင်းရှိ ထောင်နှင်ချီသောဒေသခံများမှာ နီးစပ်သည့်တောတောင်အတွင်းနှင့် ယာယီစစ်ဘေးရှောင်စခန်းများသို့ ခိုလုံနေထိုင်နေကြကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူများထံမှ သိရသည်။

“မြို့ထဲမှာကို တိုက်ပွဲဖြစ်တာဆိုတော့ ဒေသခံတွေ အကုန်ပြေးလာရတယ်။ တစ်ထောင်ကျော်လောက်ရှိတယ်။ လောလောဆယ် ယာယီစစ်ရှောင်စခန်းမှာ နေရာချပေးထားပါတယ်”ဟု စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးကဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒေသခံများအနေဖြင့် လုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် သြဂုတ်လ ၂၈ ရက်နေ့တွင် သတိပေးထားသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) တာဝန်ရှိသူက “စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မြို့ထဲကိုဝင်ရောက်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အချိန် ပြည်သူတွေကိုမထိခိုက်စေချင်တဲ့အတွက် အခုလို သတိပေးရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

ထို့အပြင် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်ရင်းခမရ(၄၂၂) ကင်းစခန်းကို ပြီးခဲ့သည့်သြဂုတ်လ ၂၅ ရက်နေ့၌ KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သည့်အတွက် တိုင်ပွဲဖြစ်ပွားခဲ့သည်။

သြဂုတ်လပထမအပတ်မှစပြီး မိုးဗြဲဒေသရှိတိုက်ပွဲများကြောင့် မိုးဗြဲမြို့ခံ နှစ်ထောင်ကျော်မှာလည်း နီးစပ်ရာတောတောင်များနှင့် ယာယီစစ်ရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။