မြောက်ဦးလေဆိပ် စီမံကိန်းကို ပြန်အသက်သွင်းရန် ဒေသခံများလိုလားနေ

မြောက်ဦးလေယာဉ်ကွင်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၅ -၂၀၁၆ ခုနှစ်ကစပြီး ဘတ်ဂျက်ငွေ သန်းပေါင်း ၄,၀၀၀ ကျော်အကုန်ကျခံကာ စတင်တည်ဆောက်ခဲ့သည်။ လေယာဉ်ကွင်းဧရိယာ လေယာဉ်ပြေးလမ်း အကြမ်းနှင့် အဆောက်အဦးအချို့သာ လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည်။

By Admin 30 Jan 2023

မြောက်ဦးလေဆိပ် စီမံကိန်းကို ပြန်အသက်သွင်းရန် ဒေသခံများလိုလားနေ

မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ခဲ့သည့်နေရာအား ယခုနှစ်အတွင်း မြင်တွေ့ရစဉ်။ ဓာတ်ပုံ - DMG

DMG ၊ ဇန်နဝါရီ ၃၀

ရခိုင့်ရှေးဟောင်းမြို့တော် ‌မြောက်ဦးဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆  ခုနှစ်က စတင်ခဲ့ပြီး ရပ်တန့်နေသည်မှာ ၇ နှစ်အထိ ကြာမြင့်နေပြီဖြစ်သည်။

လက်ရှိ မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရေးအတွက် ဌာနဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းတို့က ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး UNESCO ဝင်ရောက်ပြီးနောက်တွင် လမ်းပန်းဆက်သွယ်ရေးသည် အဓိက အရေးပါသဖြင့် လေယာဉ်ကွင်းစီမံကိန်းကို ပြန်လည်အသက်သွင်းရန် ဒေသခံများက လိုလားနေကြသည်။

“လေယာဉ်ကွင်းစီမံကိန်းကို ဆက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေချင်ပါတယ်။ မဟုတ်ရင် အရင်ကုန်ကျခဲ့တဲ့ ငွေတွေဟာ အလဟသဖြစ်သွားမယ်။ ပြီးတော့ မြေနေရာတွေလည်း အလကားဖြစ်သွားမယ်။ ဒါကြောင့် ဒီစီမံကိန်းကို အခုအစိုးရ(စစ်ကောင်စီ)လက်ထက်မှာ ဆက်ပြီးလုပ်ပေးစေချင်ပါတယ်” ဟု မြောက်ဦးမြို့ခံ ဦးဦးသန်းလှိုင်က ပြောသည်။

မြောက်ဦးလေယာဉ်ကွင်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၅ -၂၀၁၆ ခုနှစ်ကစပြီး ဘတ်ဂျက်ငွေ သန်းပေါင်း ၄,၀၀၀ ကျော်အကုန်ကျခံကာ စတင်တည်ဆောက်ခဲ့သည်။ လေယာဉ်ကွင်းဧရိယာ လေယာဉ်ပြေးလမ်း အကြမ်းနှင့် အဆောက်အဦးအချို့သာ လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရပ်တန့်သွားခဲ့သည်။

စီမံကိန်းမှာ မြောက်ဦးမြို့၏ အရှေ့ဘက် ၄ မိုင်ကျော် အကွာ စစ်တွေ - ရန်ကုန်ကားလမ်းဘေး နန်းကျားကျေးရွာအနီးတွင် တည်ရှိပြီး မြေဧရိယာ ၆၅၀ ဒသမ ၈၀ ဧက အကျယ် ရှိသည်။

ထိုစီမံကိန်း အောင်မြင်ပြီးစီးပါက ပြည်တွင်း၊ ပြည်ပ ခရီးသွားများအနေဖြင့် စစ်တွေ၊ ကျောက်ဖြူမြို့မှ တစ်ဆင့် မဟုတ်ဘဲ မြောက်ဦးမြို့သို့ တိုက်ရိုက် လာရောက် လည်ပတ်နိုင်မည်လည်း ဖြစ်သည်။

“ကျနော်တို့မြောက်ဦးက ခရီးသွားလာရေးနဲ့ ပတ်သက်ပြီး အဓိက လုပ်ဆောင်နေကြတာဆိုတော့ ဒီလေယာဉ်ကွင်းသာ အဆင်ပြေလာမယ်ဆိုရင်တော့ အဘက်ဘက်ကနေ ကောင်းသွားမယ်။  ပြည်တွင်းခရီးသည် တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံခြားခရီးသည်တွေလည်း လာလို့အဆင်ပြေသွားမယ်။ စစ်တွေကနေတဆင့် လာစရာမလိုတော့ဘဲ ရန်ကုန်ဘက်တို့ကနေ အချိန်တိုအတွင်းမှာ တိုက်ရိုက်သွားလာလို့ ရတာပေါ့။ အခုဆိုရင် မြောက်ဦးကိုလာဖို့ စစ်တွေကနေတဆင့် လာနေရတော့ သူတို့မှာ ခရီးကြန့်ကြာမှုတွေ အများကြီး ဖြစ်ကြတယ်။ အဲဒါကြောင့် ဒီလေယာဉ်ကွင်းကို ပြန်ပြီးလုပ်ပေးစေချင်တယ်”  ဟု မြောက်ဦးဧည့်လမ်းညွှန်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသန်းထွန်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများမှာ ရန်ကုန်မှတဆင့် ကျောက်ဖြူ၊ စစ်တွေသို့လာကာ ယင်းမှတဆင့်သာ မြောက်ဦးမြို့သို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် အဆင့်ဆင့် သွားလာနေကြရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် မြောက်ဦးလေယာဉ်ကွင်း စီမံကိန်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးထွန်းသာစိန်က တင်သွင်းခဲ့သည်။ အဆိုကို အတည်ပြုခဲ့သော်လည်း  တစ်စုံတစ်ရာ အကောင်အထည် မဖော်နိုင်ခဲ့ပေ။

“ဒီအပေါ်မှာ အစိုးရအနေနဲ့လည်း စိတ်ဝင်စားမှု မရှိဘူး။ အခုချိန်ထိလည်း ဘာတစ်ခုမှ ဆက်ပြီးတော့ လုပ်ဆောင်တာ မတွေ့ရဘူး။ ဒီကိစ္စကို လွှတ်တော်မှာလည်း တင်ပြခဲ့ပြီးပြီ။ အဲဒီလို ပြည်သူတွေရဲ့ လိုအပ်ချက်ကို  အစိုးရအနေနဲ့ ပြီးစီးအောင် အကောင်အထည်မဖော်ခဲ့ဘူး။ ဒီလိုလုပ်တာဟာ ပြည်သူရဲ့ ဆန္ဒကို အလေးမထားတာ ရောက်တယ်။ ဒါကြောင့် ပြည်သူရဲ့ဆန္ဒကို လက်ရှိ အစိုးရ(စစ်ကောင်စီ)အနေနဲ့  လုပ်ဆောင်ပေးဖို့ လိုအပ်တယ်” ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦး လေဆိပ်စီမံကိန်းအား မည်ကဲ့သို့ ဆက်လုပ်သွားမည် ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်အား DMG မှ ဆက်သွယ်ခဲ့ရာ ပြီးခဲ့သည့် NLD အစိုးရကိုသာမေးမြန်းရန် တုန့်ပြန် ပြောဆိုခဲ့သည်။

အဆိုပါ စီမံကိန်းကို၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း နှစ်ထောင်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ်သန်း နှစ်ထောင် စုစုပေါင်း ကျပ်သန်း လေးထောင်ဖြင့် ဆုထူးစံကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့သည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာ အများအပြားရှိသည့် ဒေသတစ်ခုဖြစ်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း(UNESCO)က ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

#R010