လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်တွင် မွေးကင်းစကလေးမိခင်တစ်ဦး သေဆုံး

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီသည် အရပ်သားနေထိုင်ရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည်။ 

By Admin 22 Aug 2024

လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်တွင် မွေးကင်းစကလေးမိခင်တစ်ဦး သေဆုံး

DMG ၊ ဩဂုတ် ၂၂

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် မီးချောင်းထိုးကျေးရွာ (ရွာသစ်)မှ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ လေးဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။  

သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် မွေးကင်းစကလေးမိခင် ဒေါ်အချေမဖြစ်ကြောင်း သိရသည်။  

“သေဆုံးသူက ကလေးမွေးပြီး တစ်လတောင် မပြည့်သေးဘူး။ သူ့မှာ ကလေးလည်း နှစ်ယောက်ကျန်ခဲ့တယ်။ နောက်ထက် ၄ ဦးလည်း ဒဏ်ရာရသေးတယ်။ နာမည်တွေကိုတော့ စုံစမ်းနေဆဲပါ ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

ဂျက်ဖိုက်တာဖြင့် သုံးကြိမ်လာရောက်ပြီး ဗုံးသုံးလုံးကြဲချခဲ့ရာ တစ်လုံးမှာ ရွာလယ် ဘုန်းတော်ကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးသွားကြောင်း သိရသည်။

“ဗုံးက သုံးလုံးကြဲချသွားတာ။ တစ်ကြိမ်နဲ့ တစ်ကြိမ်က ငါးမိနစ်လောက်ခြားပြီး ချသွားတာ” ဟု အဆိုပါဒေသခံက ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီသည် အရပ်သားနေထိုင်ရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည်။ 

ဩဂုတ်လ ၁၅ ရက်က တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာနှင့် ကမာကျေးရွာကြားရှိ အောင်မင်္ဂလာကျေးရွာအနီး တောင်တန်းများကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး လူအထိအခိုက် မရှိခဲ့ပေ။ 

ဩဂုတ်လ ၁၆ ရက်တွင်လည်း တောင်ကုတ်မြို့နယ်၊ ရွှေကွမ်းစမ်းကျေးရွာအနီးရှိ မိုးပညာဒါနသင်တန်းကျောင်းကို စစ်ကောင်စီက ဂျတ်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

တောင်ကုတ်ဒေသခံ နောက်တစ်ဦးက “တိုက်ပွဲဆိုပြီး လက်ဆုပ်လက်ကိုင်ပြစရာ မရှိသေးပေမယ့် ဒီကလူတွေကို အကြောက်တရားသွင်းဖို့ လုပ်တာ၊ ဗုံးကြဲတာကလည်း ခပ်စိပ်စိပ်လုပ်လာပြီ။ လက်နက်ကြီးတွေလည်း ဘယ်ကိုပစ်လို့ပစ်မှန်းမသိ ဖရိုဖရဲတွေလုပ်ပြီး လူတွေကို ခြောက်နေတာ” ဟု ပြောသည်။ 

တောင်ကုတ်မြို့နယ်တွင် ဇွန်လ ၁၅ ရက်က စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲများ ပြန်လည်ငြိမ်သက်နေသည်။ သို့သော်လည်း စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး တောင်ကုတ်မြို့ပေါ်တွင်လည်း အခိုင်အမာ ခံစစ်ပြင်ဆင်ထားသည်။