မြဝတီ- ဝေါလေ လမ်းပိုင်း ဘလက်ဒိုတွင် သုံးရက်ဆိုက်တိုက် တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်ရှိ မြဝတီ- ဝေါလေကားလမ်းမပိုင်းတွင် ကေအန်ယူတပ်မဟာ (၆) KNLA ပူး ပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံထောင်ချီ မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရသည်။

By Admin 25 Nov 2022

မြဝတီ- ဝေါလေ လမ်းပိုင်း ဘလက်ဒိုတွင် သုံးရက်ဆိုက်တိုက် တိုက်ပွဲပြင်းထန်နေ

နိုဝင်ဘာ ၂၃ ရက်နေ့က ဘလက်ဒို ကျေးရွာအနီး ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်း (Cobra Column)

DMG | နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်ရှိ မြဝတီ- ဝေါလေကားလမ်းမပိုင်းတွင် ကေအန်ယူတပ်မဟာ (၆) KNLA ပူး ပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံထောင်ချီ မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက််မှ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့အထိ မြဝတီ-ဝေါ်လေ လမ်းမပိုင်းရှိ ဘလက်ဒို ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ခမရ (၁၀၂) နှင့် KNLA ကော်ဘရာ စစ်ကြောင်း ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။

“တိုက်ပွဲဖြစ်တာသုံးရက်ရှိနေပြီ။ ဘလက်ဒိုရွာအနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတာ။ အဓိက သေးဘော့ဘိုး စခန်းကို စစ်ကောင်စီတပ်တွေ ပြန်ရအောင် ကြိုးစားတဲ့သဘောပါ” ဟု ၄င်းကပြောသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘလက်ဒို ကျေးရွာအတွင်းနေထိုင်သူ လူဦးရေ ၂၀၀၀ ကျော်မှာ နီးစပ်ရာ တောတောင်အတွင်းသို့ တိမ်းရှောင်နေရကြောင်း ဘလက်ဒိုကျေးရွာ ဒေသခံများထံက သိရသည်။

“စစ်တပ်ဘက်က ရဟတ်ယာဥ်တွေ၊ လေယာဥ်တွေ အသုံးပြုပြီး ရွာထဲကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ် သွားတယ်။ ရွာထဲမှာ မနေရဲကြတော့ အခုဆို တောထဲကို အကုန်ရှောင်ကြရတယ်” ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ဆိုသည်။

ထို့အပြင် လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘလက်ဒို ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဒေသခံ (၃) ဦး မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး (၅) ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ဝင်များထံက သိရသည်။

“လက်နက်ကြီး ထိမှန်လို့ သေတာ လောလောဆယ်သုံးဦးလို့ သိရတယ်။ ငါးဦးက ခြေထောက်တို့ လက်တို့ကို ထိသွားတယ်။ နောက်ထပ် ထိခိုက်သေဆုံးသူနဲ့ ထိခိုက်တာတွေ ရှိသေးလား စာရင်းကောက်နေတုန်းပဲ ဖြစ်ပါတယ် ” ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။

မြဝတီ- ဝေါလေ ကားလမ်းမပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့်ပက်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်း၏ ထောက်ပို့ယာဉ်တစ်စီး ပစ်ခတ်တိုက် ခိုက်ခံခဲ့ရကာ KNLA တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ KNLA ပူးပေါင်းအဖွဲ့ထောက်ပို့ယာဥ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၂၂ ရက် ညနေ ၆ နာရီ မှ ညနက် ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ ခမရ(၁၀၂) တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ ၊ KNDO တပ်ရင်း (၈)၊ ရောင်နီ ဒရုန်းတပ်ဖွဲ့နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့မှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၈) ဦး သေဆုံးကာ တပ်ရင်းမှူးအပါ အဝင် (၁၅)ဦးခန့် ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း Fedreal Wings ဒရုန်းတပ်ဖွဲ့က နိုဝင်ဘာ ၂၃ ရက်ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့သည်။

မြဝတီ- ဝေါလေ ကားလမ်းမပိုင်းနှင့် သေးဘော့ဘိုး နေရာတို့သို့ စစ်ကောင်စီတပ်မှ နယ်မြေ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမှုကြောင့် KNLAပူးပေါင်းအဖွဲ့ဖြင့် တကျော့ပြန်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည့်အတွက် ဒေသခံများ အနေဖြင့် လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းကြရန် ကေအန်ယူ တပ်မဟာ (၆) KNLA ကော်ဘရာစစ်ကြောင်းမှ အသိပေးထားသည်။