- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောတွင် စစ်ကောင်စီ လေကြောင်းဖြင့် အပြင်းအထန်ဗုံးကြဲနေ
မောင်တောမြို့တွင် စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိနေသေးသည့် မြို့သူကြီး နခခ (၅)ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
02 Nov 2024
DMG ၊ နိုဝင်ဘာ ၂
ရခိုင်ပြည်၊ မောင်တောမြို့တွင် ယနေ့ (နိုဝင်ဘာ ၂ ရက်၊ နံနက်ပိုင်း) က နခခ ၅ အနီးရှိ ၃ မိုင် ပတ်ဝန်းကျင်နေရာများကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
“ဂျက်ဖိုက်တာ တစ်စီးနဲ့ လာပစ်နေတာ။ ၃ မိုင်ကို တည့်တည့် ထိုးဆင်းပြီး ဗုံးသုံးလုံး ကြဲခဲ့တယ်။ စက်လက်နက်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယခုရက်ပိုင်း မောင်တောတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး နိုဝင်ဘာ ၁ ရက်ကလည်း ၃ မိုင် အနီးပတ်ဝန်းကျင်သို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်နေကြရသည်။
“ ညဆိုရင်လည်း ကောင်းကောင်း မအိမ်ရဘူး။ ဘေးလွတ်ရာ တောတောင်တွေဆီ သွားအိပ်ရတယ်” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မောင်တောမြို့တွင် စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိနေသေးသည့် မြို့သူကြီး နခခ (၅)ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
နယ်စပ်ဒေသက တစ်ခုတည်းသော လက်ကျန် နခခ ၅ မကျရှုံးရေးအတွက် စစ်ကောင်စီသည် အသည်းအသန်ခုခံနေပြီး အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ လေကြောင်းမှတစ်ဆင့် ရိက္ခာအလုံးအရင်း ထပ်မံဖြည့်တင်းနေသည်။
“ ညဆိုရင် စစ်ကောင်စီက Y 12 နဲ့ ရိက္ခာလာချတာ နေ့တိုင်းတွေ့ရတယ်။ အခုတလောတော့ တိုက်ပွဲက သိပ်ပြင်းထန်တာမရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က ရိက္ခာတွေ ထပ်ဖြည့်နေတာကြည့်မယ်ဆိုရင် ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေပိုပြင်းထန်လာမှာ တွေ့ရတယ်” ဟု မြေပြင်စစ်ရေးအခြေအနေသိရှိသူ တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ပိုမိုအသုံးပြုလာနေ၍ ဒေသခံများအပြင် စစ်ဘေးရှောင်များမှာ မကြာခဏ ရွှေ့လျားပြောင်းရွှေ့နေထိုင်နေကြရသည်။
မောင်တောတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် အောက်တိုဘာလအတွင်း အရပ်သား သေဆုံး၊ဒဏ်ရာရရှိသူ ၃၁ ဦးထိရှိသည်ဟု DMG က စာရင်းအရသိရသည်။