- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ)
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် အရပ်သားနှစ်ဦးဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ်အပြစ်ပေး စီရင်လိုက်ခြင်းမှာ မိုက်မဲသည့်လုပ်ရပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
01 Aug 2022
ဇူလိုင် ၂၃
- ဒေါ်လာဈေးနှင့် ပြည်ပငွေကြေးဈေးကွက် မြင့်တက်လာမှုဂယက်ကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးအချို့၌ အိမ်သုံးဆေးဝါးများ ဈေးမြင့်တက်နေပြီး လူအသုံးများသည့်ဆေးဝါးတချို့မှာ ဈေးကွက်အတွင်း ပြတ်လပ်လာနေကြောင်း ဆေးအရောင်းဆိုင်များထံမှ သိရသည်။
- ရခိုင်မျိုးနွယ်စုဝင် မရမာကြီးတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုဆိုင်ရာ သမိုင်းစာတမ်းပြုစုရေးအတွက် ဇူလိုင်လ ၂၃ ရက်တွင် ကျောက်ဖြူမြို့ မရမာကြီး ရတနာ့ဗိမ္မာန်ကျောင်းတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြသည်။
- ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေ (၅၃)နှစ်နှင့် ယာဉ်မောင်းဖြစ်သူ ကိုမောင်ကျော်နိုင် (၃၀ နှစ်)တို့ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူနှင့် ကျောက်ဆိပ်ကျေးရွာအကြား၌ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရက္ခိုင်တပ်တော်(AA)မှ ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၄
- ဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းတွင် ဆန်ရိက္ခာပြတ်လပ်နေသည်မှာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်သဖြင့် စားဝတ်နေရေးအတွက် ကြုံသလိုဖြေရှင်းနေရသည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲ့မြို့ရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ဇူလိုင်လ ၂၄ ရက် နံနက် ၇ နာရီခွဲအချိန်ခန့်က စနဲဈေးအတွင်း အရပ်ဝတ်ဖြင့်လူသုံးဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်ကောင်စီတပ်တို့ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
- ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းပေးခြင်းများ မပြုလုပ်ကြရန် ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(IKACC)က ဇူလိုင်လ ၂၄ ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ရှိသည့် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများကို ဇူလိုင်လ ၂ ရက်နေ့မှစ၍ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးလျက်ရှိရာ ဇူလိုင်လ ၂၄ ရက်နေ့အထိ ၁၇၄၂၁၄ ဦးအထိ ထိုးနှံပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
ဇူလိုင် ၂၅
- ရခိုင်ပြည်အတွင်း နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသော်လည်း စစ်ကောင်စီက စစ်မျက်နှာဖွင့်မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် အရပ်သားနှစ်ဦးဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ်အပြစ်ပေး စီရင်လိုက်ခြင်းမှာ မိုက်မဲသည့်လုပ်ရပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
- ကျောက်ဖြူမြို့နယ်၊ စနဲမြို့မရဲစခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက ဒေသခံ ၁၅ ဦးခန့်ကိုဖမ်းဆီးခဲ့ရာ ဇူလိုင်လ ၂၅ ရက်နေ့တွင် ၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ၈ ဦးမှာ လက်ရှိအချိန်ထိ ကျောက်ဖြူမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။
- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် မြန်မာစစ်တပ်က လာရောက်တပ်စွဲနေထိုင်နေသည့်အတွက် စစ်ဘေးရှောင်များမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဇူလိုင် ၂၆
- စစ်ကောင်စီက ထပ်မံဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်ရန်ရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၂၆ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
- ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသည့်အတွက် စပါးစိုက်ပျိုးရာ၌ အခက်အခဲဖြစ်ပေါ်နေရကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။
- ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခြင်းမှာ မလုပ်သင့်မလုပ်ထိုက်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း စစ်ကောင်စီဘက်က AA ကို ပြစ်တင်ပြောဆိုခဲ့သည်။
- ကိုယ်ဝန်ဆောင် နို့တိုက်မိခင်တွေနှင့် နာတာရှည်ရောဂါရှိသူတွေ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။
ဇူလိုင် ၂၇
- ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO၊ INGO အဖွဲ့အစည်းများကို မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွားလာခွင့် ယာယီကန့်သတ်ထားခြင်းကြောင့် မောင်တောမြောက်ပိုင်းဒေသခံများမှာ စားနပ်ရိက္ခာထောက်ပံ့မှုရရှိရေး အခက်အခဲများနှင့်ရင်ဆိုင်နေကြရသည်။
- ရခိုင်ပြည်ရှိ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင် စသည့်မြို့နယ်များရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်မရှိသည်မှာ နှစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သောကြောင့် ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည်။
- ရခိုင်ပြည်အတွင်းတွင် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် စည်းကမ်းတကျဖြင့် တင်းကျပ်စွာဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြောခဲ့သည်။
- ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတစ်ချို့အနီးနှင့် ဘုန်းကြီးကျောင်းတို့တွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်လျက် ရှိနေသေးသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ နေရပ်မပြန်ရဲကြသေးဟု သိရသည်။
- အလုပ်သမားများ၏အခွင့်အရေးဆိုင်ရာ ဥပဒေတို့ကို ရခိုင်ကအလုပ်သမားများ သိရှိနားလည်မှုသည် ပြည်မဘက်ထက် အားနည်းနေသေးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ပြောဆိုကြသည်။
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် အရပ်သားနှစ်ဦးဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ်အပြစ်ပေး စီရင်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်(MNDAA)နှင့် တအာင်း/ပလောင်(TNLA)တို့က ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
- ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ကို အားပေးကူညီပေးသည်ဟုဆိုကာ သံတွဲမြို့၊ အမှတ်(၅)ရပ်ကွက်မှ ပန်းချီဆရာမ မရွှန်းစန္ဒာ(ခေါ်) ဒေးဒေးအား ဇူလိုင်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အမှုဖွင့်ထားသည်။
ဇူလိုင် ၂၈
- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများသွားပို့မည့် INGO,NGO များကို ၁၀ ရက်ခန့်ကြာ ပိတ်ပင်တားဆီးမှုများရှိရာမှ ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်ကာ အကန့်အသတ်ဖြင့် သွားရောက်ထောက်ပံ့ခွင့်ပြုခဲ့သည်။
- စစ်ကောင်စီလက်အောက်ခံ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ၃၆၆၅ ကျပ်နှုန်းထားဖြင့် လက်ကားရောင်းဝယ်ရမည်ဟု ညွှန်ကြားချက်ထုတ်ထားသော်လည်း ရခိုင်တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ နှင့်အထက် ပေါက်ဈေးရှိနေသည်။
- ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ပြည်နယ်စစ်ကောင်စီထံမှ စားနပ်ရိက္ခာထောက်ပံ့မှု မရရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
- မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ပုဏ္ဏားကျွန်းမြို့မှ ဒေသခံနှစ်ဦးဖြစ်သည့် ဦးမိုးသီးခိုင်(၅၀ နှစ်)၊ ဦးမောင်ဆန်း(၄၀ နှစ်) နှင့် ကျောက်တော်မြို့မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးကျော်ဟိန်း တို့နှင့် တစ်ပတ်ကျော်ကြာသည့်တိုင် အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များက ပြောဆိုခဲ့ကြသည်။
- အမှန်တရားနှင့် ပြည်သူများအတွက် ရပ်တည်နေကြသည့် ဒီမိုကရေစီဘက်တော်သားများကို စစ်ကောင်စီက အကြောက်တရားနှင့် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့သည်။
ဇူလိုင် ၂၉
- ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေသခံ ၈ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားခဲ့ပြီး ယခုရက်ပိုင်းအတွင်းမှာ (၇)ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း စနဲမြို့၊ စံပယ်ချောင်ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုတင်မျိုးထွန်းကို ကျောက်ဖြူမြို့ရှိ စစ်တပ်စခန်းတစ်ခုတွင် ဆက်လက်ထိန်းသိမ်းထာဆဲဖြစ်သည်။
- အများပြည်သူများ အပန်းဖြေအနားယူရန် သွားလာလေ့ရှိသော စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ BXT ဆိပ်ကမ်း (ခေါ်)ကိုးရီးယား ဆိပ်ကမ်းတွင် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုများရှိနေသောကြောင့် လာရောက်လည်ပတ်သူများနှင့် ရပ်ကွက်နေပြည်သူများမှာ စိတ်ပျက်နေကြသည်။
- ကျောက်ဖြူမြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်က နယ်ထိန်းခေါင်းဆောင် ရဲအုပ်အုန်းဇော်ဌေးကို ရဲတပ်သား စိုးလင်းအောင်က သေနတ်ဖြင့်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ရဲစခန်းအနီးပတ်ဝန်းကျင်မှ ဒေသခံများထံမှ သိရသည်။
- ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် စစ်တွေမြို့နယ်မှ အသက် (၄၂)နှစ်အရွယ် ဦးသာဇံနှင့် ရသေ့တောင်မြို့နယ်မှ အသက်(၃၆)နှစ်အရွယ် ဦးမောင်ဘု တို့ကို ဇူလိုင်လ ၂၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။
ဇူလိုင် ၃၀
- မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ (၈)သိန်းခွဲကျော်အထိ ရှိလာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။
- ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူ ၈ ဦးဖြစ်သည့် မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်(၂၂ နှစ်)၊ ဝသဲရပ်ကွက်မှ ဦးကိုကိုမြင့်(၂၃ နှစ်)၊ တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်း(၃၆ နှစ်)၊ ကုန်ဘောင်ကျေးရွာမှ ချစ်စုဘု(၁၃ နှစ်)၊ မင်းပြားမြို့နယ် အောင်ဒိုင်(မွတ်ဆလင်)ကျေးရွာမှ အာဘုလ်ကာသိမ်း(၂၅ နှစ်)၊ ချင်းပြည်နယ်၊ ပလက်ဝမြို့မှ မောင်ဖွေးအိုင်(၂၈ နှစ်)၊ မတူပီမြို့မှ မောင်ရန်လျန်း(၄၁)နှစ်နှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှ မောင်ဖြိုးဝေ(၂၅ နှစ်)တို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် မြန်မာစစ်တပ်က မြောက်ဦးခရိုင်တရားရုံးတွင် အမှုဖွင့်ထားကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များထံမှသိရသည်။
- ရခိုင်ပြည်တွင် ဇန်နဝါရီလမှ ယခုလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၀၉ ဦးအထိရှိလာပြီး စစ်တွေမြို့နယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- ရခိုင်ပြည်၊ စစ်တွေမြို့တွင် ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာနေပြီး ဇူလိုင်လဆန်းပိုင်းက ၂၄ ပြည်ဝင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၄၅၀၀၀ ကျပ် ဈေးနှုန်းရှိခဲ့ရာမှ လက်ရှိတွင် ၄၈၀၀၀ ကျပ်အထိ မြင့်တက်လာနေကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ် ကျောက်တန်းနှင့် လိုင်ဂွင်ကျေးရွာတို့အနီးတွင် ဖွင့်လှစ်ထားသည့် ဟင်းခင်းပြင်အမည်ရှိ ကိုယ်ထူကိုယ်ထ မူလတန်းစာသင်ကျောင်းတွင် ကျောင်းသား/သူများအတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် အသုံးစရိတ်များအတွက် ငွေကြေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။
ဇူလိုင် ၃၁
- မြန်မာစစ်တပ်ကဖမ်းဆီးထားသော ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မောင်မင်းအောင်ခိုင်နှင့် အသက် ၁၈ နှစ်အရွယ် မောင်နိုင်မျိုးထွန်းတို့ကို တစ်လကျော်ကြာသည့်တိုင် မိသားစုဝင်များ တွေ့ခွင့်မရသေးကြောင်း သိရသည်။
- ရခိုင်ပြည်အတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချနေသည့် ဆေးဝါးဈေးနှုန်းများ ဆက်လက်မြင့်တက်လာပါက ဆေးတာရှည်သောက်နေရသည့် နာတာရှည်ရောဂါသည်များအနေဖြင့် ဆေးဝါးဆက်လက်သောက်ရန် အခက်အခဲများရှိလာနိုင်ကြောင်း ပြောဆိုကြသည်။
- အခေါက်ရွှေ (၁၆)ပဲတစ်ကျပ်သားကို ငွေကျပ် ၂၃ သိန်းအထိ စံချိန်တင်ဈေးမြင့်တက်ခဲ့မှုကြောင့် ရွှေပန်းထိမ်လုပ်ငန်းအချို့မှာ အလုပ်ရပ်နားထားကြရသည်။
- ရခိုင်ပြည်အတွင်း လယ်ဧက တစ်သိန်းနှစ်သောင်းကျော် ရှိသော်လည်း လယ်မြေအားလုံးကို စိုက်ပျိုးနိုင်ခြင်းမရှိဟု စုံစမ်း သိရှိရသည်။
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို လာမည့်စက်တင်ဘာလကုန်တွင် ပြန်လည်လက်ခံရန် ပြင်ဆင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားခဲ့သည်။