ရခိုင်က မြို့နယ်နှစ်ခုတွင် ကိုဗစ်ရောဂါပိုးတွေ့သူနှင့် သေဆုံးသူဦးရေ လျှော့ကျခြင်းမရှိသေး

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူအရေအတွက်မှာ ယခုတပတ်အတွင်းလျော့နည်းလာသော်လည်း ဂွမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လျှော့နည်းသွားခြင်းမရှိသေးကြောင်း သိရသည်။

20 Aug 2021

DMG ၊ သြဂုတ် ၂၀

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူအရေအတွက်မှာ ယခုတပတ်အတွင်းလျော့နည်းလာသော်လည်း ဂွမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လျှော့နည်းသွားခြင်းမရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ အမ်း၊ မြောက်ဦး၊ ရသေ့တောင်နှင့် မာန်အောင်မြို့နယ်တို့ ကိုဗစ်တတိယလှိုင်းပထမသုံးလထက် ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူများ လျော့နည်းလာနေသည်။

သို့သော် ဂွမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် လျော့ကျလာခြင်းမရှိသေးခြင်းကြောင့် ယင်းနှစ်မြို့နယ်သို့ Stay at Home မြို့နယ်များမှလာရောက်မည့်သူများကို Home Quarantine တစ်ပတ်ထားရှိရန်စီစဉ်နေကြောင်း ပြည်နယ်ကောင်စီမှ သိရသည်။

“ရခိုင်ပြည်နယ်မှာ ကိုဗစ်အရှိန်က အခုဆိုရင်လျော့နည်းလာတယ်လို့ပြောလို့ရတယ်။ တော်တော်လေးကိုကျသွားတယ်။ အခုဆိုရင် ဆေးကုနေတာတောင် ၃၀၀ ကျော်လောက်ပဲရှိတော့တယ်။ ဒါပေမဲ့ ဂွနဲ့ ကျောက်ဖြူမှာတော့ ပိုးတွေ့လူနာတွေကမကျဘူး၊ သေဆုံးနှုန်းတွေလည်းရှိသေးတယ်။ အဲဒီမြို့နယ်တွေကို ကိုဗစ်ထိန်းချုပ်နိုင်ဖို့အတွက် ကျနော်တို့ဆောင်ရွက်နေပါတယ်” ဟု ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၁၉ ရက်နေ့အထိ ၄ လခန့်အတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ သေဆုံးသူစုစုပေါင်း ၃၅၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

ယင်းသို့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင်(၉၁)ဦး၊ မောင်တော(၁၈)ဦး၊ သံတွဲ(၃၂)ဦး၊ တောင်ကုတ် (၆၄)ဦး၊ ဘူးသီးတောင်(၅)ဦး၊ ကျောက်တော်(၁၈)ဦး၊ မင်းပြား (၁၁)ဦး၊ ဂွ(၁၆)ဦး၊ ကျောက်ဖြူ(၃၃)ဦး၊ ရမ်းဗြဲ(၇)ဦး၊ ပုဏ္ဏားကျွန်း(၉)ဦး၊ ပေါက်တော(၁၁)ဦး၊ အမ်း(၁၁)ဦး၊ မြောက်ဦး(၁၄)ဦး၊ ရသေ့တောင်(၇)ဦးနှင့် မာန်အောင်(၁၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

ကိုဗစ်စည်းကမ်းနဲ့ပတ်သက်ပြီး ပြည်သူလူထုများ စည်းကမ်းလိုက်နာရှိစေရန်နှင့် ကိုဗစ်စည်းကမ်းမလိုက်နာသူများကို တင်းကျပ်စွာ အရေးယူဆောင်ရွက်နေကြောင်း ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက DMG သို့ ပြောဆိုထားသည်။

ကိုဗစ်တတိယလှိုင်းကူးစက်မှု ဆက်လက်ရှိနေသေးသည့်အတွက် ရောဂါကူးစက်ခံရသည့်အန္တရာယ် လုံးဝမရှိတော့သည့်အခြေအနေကိုရောက်ရှိရန်အတွက် stay at home ကို အနည်းဆုံးအဖြစ် နောက်ထပ်(၁)ပတ်ခန့်နေထိုင်ရန် သြဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်။