စစ်ကောင်စီဖမ်းထားသည့် တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အရာရှိတို့ကို အဆက်အသွယ်မရ

တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဦးမောင်စိန်တို့မှာ ဇွန်လ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် အိမ်စီးကားငယ်ဖြင့် ရိုးတောင်ကိုကျော်ဖြတ်ချိန် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

By Admin 24 Jun 2024

တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကုတ်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - Citizen Journalist)
တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကုတ်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - Citizen Journalist)

DMG ၊ ဇွန် ၂၄

တောင်ကုတ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ မြို့ကိုစွန့်ခွာကာ ပြည်မဘက်သို့ တိမ်း‌ရှောင်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်/ပင်အမှုဆောင်အရာရှိတို့မှာ စစ်ကောင်စီထံ ဖမ်းဆီးခံရလိုက်ရပြီး တစ်ပတ်ခန့်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဦးမောင်စိန်တို့မှာ ဇွန်လ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် အိမ်စီးကားငယ်ဖြင့် ရိုးတောင်ကိုကျော်ဖြတ်ချိန် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

“မြို့ပေါ်တိုက်ပွဲ ပြင်းလာမှာစိုးလို့ မြို့ခံတွေ ထွက်ပြေးကြတာရှိတယ်။ မြို့ကို စွန့်တာပေါ့။ အဲဒီအထဲမှာ စည်ပင်အမှုဆောင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဖမ်းခံရတယ်” ဟု ယင်းအကြောင်းကို သိရှိသူတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီး တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်မ စကခ (၅) တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် တစ်ပတ်ကျော်အထိ ကြာမြင့်လာသော်လည်း ၎င်းတို့နှစ်ဦးနှင့် မိသားစုဝင်များမှာ အဆက်သွယ်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့နှစ်ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စကို ရခိုင်မီဒီယာတွေကိုပြောရင် သူတို့နှစ်ယောက်ကို တစ်ခုခု လုပ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခံထားရတယ်။ အဲဒါကြောင့် အခု မိသားစုအရင်းတွေဆီက သတင်းစကားကိုမှ ဘာမှမေးလို့မရဘူး။ ဒါပေမယ့် ဖမ်းဆီးခံရသူတွေနဲ့ အဆက်သွယ်မရဘူးလို့တော့ ပြောတယ်” ဟု သူကပြောသည်။

ဇွန် ၁၅ ရက်က တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်အနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက်တွင် စစ်ကောင်စီတပ်က တောင်ကုတ်မြို့ပေါ်ရှိ နေရာအနှံ့တွင် နေရာယူထားပြီး ဒေသခံများကို မြို့ပြင်သို့မသွားနိုင်ရန် တင်းကျပ်စွာ ပိတ်ဆို့ထားသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းပြီးနောက်ပိုင်း နောက်ထပ်ဝန်ထမ်းတွေလည်း မြို့ကို မစွန့်ရဲကြတော့ဘူး။ လမ်းမှာ အဖမ်းခံရမှာစိုးလို့။ စစ်ကောင်စီကလည်း ဒီလိုဖြစ်အောင်ကို တမင်လုပ်ထားတာ။ အဓိက မြို့ပေါ် တိုက်ပွဲပြင်းလာရင် ဒေသခံတွေကို လူသားဒိုင်းကာလုပ်ဖို့ ကြံစည်နေတာလို့မြင်တယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီ တပ်မ စကခ(၅) ၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ရှိသည်။ စစ်ကောင်စီက တောင်ကုတ်မြို့မှ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားပြီး ဒေသခံများမှာလည်း လုံခြုံမည့်နေရာများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာလျက်ရှိကာ အများစုမှ မြို့အတွင်းပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ