ကြားဖြတ်သတင်း
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု
(၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့ထိ)
08 Oct 2021
အောက်တိုဘာ ၁
- ကျောက်တော်-ပလက်ဝသွားလာနေသည့် စက်လှေများမှာ အလှည့်ကျစနစ်ဖြင့်သာ ပြေးဆွဲနေရကြောင်း စက်လှေပြေးဆွဲနေသူများထံမှ သိရသည်။
- ပြည်မဖက်မှ စပါးဝယ်ယူမှု နည်းပါးလာသည့်အတွက် ရခိုင်တွင် စပါးဈေးနှုန်းများ ကျဆင်းလာနေကြောင်း စပါးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောကြသည်။
- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာက အ.ထ.ကစာသင်ကျောင်းတွင် ပညာရေးဝန်ထမ်းအချို့နေသည့် အဆောင်တစ်ခု ဖောက်ထွင်းခံခဲ့ရသည်။
- ရက္ခိုင့်တပ်တော်(AA)မှ ကျဆုံးသွားသည့် ဗိုလ်လောင်း ၈ ဦးအား စစ်တွေမြို့တွင် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မှုကြောင့် တရားစွဲဆိုခံရသူ ဦးအစံမောင်မှာ အောက်တိုဘာလ ၁ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။
- စက်သုံးဆီများ ဈေးနှုန်းအဆမတန် မြင့်တက်နေသောကြောင့် ရခိုင်ပြည်တွင်း ပြေးဆွဲနေသည့်ကားများ ကားခ ၂ ဆနီးပါး တိုးမြင့်ကောက်ခံနေရပြီး တချို့ကားများမှာ ရပ်နားထားရသည်အထိ ဖြစ်လာသည်ဟု ကားပြေးဆွဲနေသူများက ပြောသည်။
အောက်တိုဘာ ၂
- မောင်တောမြိုနယ်မြောက်ပိုင်း ငန်းချောင်းမွတ်ဆလင်ကျေးရွာမှ မော်လဗီတစ်ဦးနေအိမ်အား အောက်တိုဘာလ ၂ ရက်နေ့ သန်ခေါင်ကျော် အချိန်၌ ဓါးပြတိုက်ခံရပြီး အိမ်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။
- ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း (UNESCO) ဝင်ရန် ကြိုးပမ်းနေသည့် မြောက်ဦးယဉ်ကျေးမှုဒေသတွင် ကျူးကျော်နေအိမ်များ၊ လမ်း၊ အဆောက်အအုံများနှင့် မြေနေရာများ တိုးချဲ့လာခြင်းကြောင့် UNESCO ဝင်ရေးမှာ ထိခိုက်မှုရှိနိုင်သည်ဟု ရှေး/သုနှင့် သုတေသန ပညာရှင်များက ပြောဆိုကြသည်။
- ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသားများကို စွဲဆိုထားသည့်အမှုသုံးခုအနက် ၁၉၄၉ လက် နက်ရေးအပေါ်(ယာယီ) ဥပဒေပုဒ်မ ၂၁ (က) အမှုအား လာမည့်ရုံးတွင် စွဲချက်မိန့်ချသွားမည်ဖြစ်ကြောင်း မင်းထီး Law Firm ရှေ့နေ အဖွဲ့မှ သိရသည်။
- မင်းပြားမြို့နယ်၊ ကုတိုးဆိပ်၊ ပွင့်ထီး၊ ဝင့်ဇားနှင့် ခြိတ်တောင်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံများမှာ မင်းပြားမြို့ပေါ်နှင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းသို့သွားရန် ဖောက်လုပ်ထားသည့် တံတား ပျက်စီးနေသည့်အတွက် သွားလာရေး အခက်တွေ့နေကြရသည်။
- မြောက်ဦးမြို့နယ်၊ တိန်ညိုစံပြကျေးရွာသို့ သွားသည့် ရွှေကျင်ပြင်လမ်း ပျက်စီးနေ၍ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံများမှာ အခက်အခဲဖြစ်နေပြီး လမ်းအား အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများက တောင်းဆိုကြသည်။
- ရခိုင်တွင်ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍပိုမိုအားကောင်းလာစေရန် အရပ်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီကို စစ်တွေမြို့၌ အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
- ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်ဖြစ်ပွားမှု လျော့နည်းလာသည့်အတွက် စက်တင်ဘာလအတွင်းက ပြည်ထောင်စုအဆင့်ကို တင်ပြထားပြီး ခွင့်ပြုချက်ရလျှင် ပြန်ဖွင့်မည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောခဲ့သည်။
အောက်တိုဘာ ၃
- တောင်ကုတ်မြို့နယ် ဂူတာရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၁ နာရီက ချောင်းကမ်းပါးမြေ ပြိုကျကာ လူနေအိမ် ၆ လုံး ပျက်စီးသွားခဲ့သည်။
- ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AAနှင့် မြန်မာစစ်တပ်တို့ ၂ ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကာလအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၃၆ ဦးကို ထပ်မံလွှတ်ပေးမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ပြောခဲ့သည်။
- ရခိုင်ပြည်ရေထွက်ကုန်ဖြစ်သည့် ဂုံးယောက်မ (ခေါ်)ဂုံးစောက် လုပ်ငန်းများမှာ ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်မဖက်သို့ မတင်ပို့နိုင်သည့်အတွက် ရောင်းအားနှင့် ဈေးနှုန်းများပါ ကျဆင်းနေကြောင်း ဂုံးအဝယ်ဒိုင် လုပ်ကိုင်သူများကပြောသည်။
အောက်တိုဘာ ၄
- ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာနေသည့်အတွက် ရခိုင်က အမျိုးသားပြက္ခဒိန် ထုတ်ဝေရောင်းချနေသည်များကိုလည်း ဆက်လက်လည်ပတ်ရန် အခက်အခဲရှိသဖြင့် ရပ်တန့်ရမည့် အနေအထားဖြစ်နေကြောင်း သိရသည်။
- ရခိုင်မှ စစ်ဘေးရှောင်များနေရပ်ပြန်ရေးတွင် ပြည်နယ်စစ်ကောင်စီမှ ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး လက်ရှိနေရပ်ပြန်မည့် စစ်ဘေးရှောင်များအတွက် ထောက်ပံ့နှုန်းထားကို ယခင်ထက်လျှော့၍ ပေးတော့မည်ဟု ပြည်နယ်စစ်ကောင်စီက ပြောသည်။
- လက်ရှိကာလတွင် မုတ်သုံသည် မြန်မာနိုင်ငံမှ စတင်ဆုတ်ခွာစပြုနေပြီဖြစ်သဖြင့် မိုးတိမ်တောင်အန္တရာယ်ကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောခဲ့သည်။
- ရက္ခိုင့်တပ်တော်(AA)မှ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခြင်းမှာ မလုပ်သင့်သည့်ကိစ္စဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အောက်တိုဘာ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
- ထောင်ဒဏ် (၂)နှစ်နှင့်ခြောက်လ ချမှတ်ခံထားရသည့် ရခိုင်က ကျောင်းသားလေးဦး၏အမှုကို အောက်တိုဘာလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။
- ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)အပိုင်နယ်မြေရှိ ကျေးရွာပေါင်း ၄ဝ ခန့်တွင်လူသုံးကုန်ပစ္စည်းအချို့သယ်ယူခွင့်ကန့်သတ်ခံနေရသည့်အတွက်ဒေသခံများအခက်ကြုံနေရသည်။
အောက်တိုဘာ ၅
- ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့် အမှုများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန်ရှိကြောင်း ၎င်း၏ရှေ့နေထံမှ သိရသည်။
- ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောခဲ့သည်။
- ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ခိုးမှု၊ လုယက်မှုများနှင့် ဓားပြတိုက်မှုများကို တိုင်ကြားလာပါက အတတ်နိုင်ဆုံး တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောခဲ့သည်။
- ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ၁ နှစ်ခန့်ရှိလာပြီဖြစ်သော်လည်း တိုက်ပွဲကာလတွင်း စစ်တပ်မှ တပ်နေရာယူထားမှုတို့မှာ လက်ရှိချိန်ထိ ရုပ်သိမ်းခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
- ဆရာဝန်မရှိဘဲ၂ နှစ်ခန့်ကြာပြီဖြစ်သည့် တောင်ကုတ်မြို့နယ်မှငမောက်ချောင်းတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ယနေ့တွဲဘက်ဆရာဝန်တစ်ဦးရောက်ရှိလာပြီဖြစ်၍ ဒေသခံများ ရာနှင့်ချီသောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။
- ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာမှ TA (တိုင်းရင်းသားဘာသာပြ)ကျောင်းဆရာတစ်ဦးသည် (၇)နှစ်အရွယ် KG တန်းကျောင်းသူအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြင့် ထောင်ဒဏ် ၁ဝနှစ်ချမှတ်ခံခဲ့ရသည်။
အောက်တိုဘာ ၆
- ရခိုင်ပြည်နယ်အတွင်းတွင် ဒေသခံများ၏အလှူငွေဖြင့် ကိုယ်ထူကိုယ်ထတည်ဆောက်ထားသည့် မြို့နယ်(၁၀)ခုရှိ အောက်ဆီဂျင်စက်ရုံများမှာ လာမည့်လမှစတင်ကာ အောက်ဆီဂျင်အိုးစုစုပေါင်း ၂၇၁၀၀ ကျော်ကို လစဉ်ထုတ်လုပ်နိုင်ခြေ ရှိနေသည်။
- ဓါတ်ဆီဈေးမြင့်တက်နေသည့်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ သုံးဘီးမောင်းနှင်သူများမှာ အခက်အခဲဖြစ်လာနေသဖြင့် ၎င်းတို့၏မိသားစု စားဝတ်နေရေးအတွက်လည်း ထိခိုက်မှုများရှိသည်။
- ရွှေဈေးမတည်ငြိမ်သည့်အခြေအနေကြောင့် အရောင်းအဝယ်ပိုင်းတွင် ရောင်းလိုအားများနေပြီး ဝယ်လိုအားနည်းပါးနေကြောင်း ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။
- ရခိုင်ပြည်နယ်အတွင်းမှ အသက် ၁၂ နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ကျောင်းသူများကို တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
- မတရားအသင်းဆက်သွယ်မှုပုဒ်မ- ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းလှိုင်အမှုတွင် တရားလိုနှင့် လိုပြသက်သေတစ်ဦးတို့ကို အောက်တိုဘာလ ၆ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှသိရသည်။
- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကညင်ကုန်းအုပ်စု၊ ရွာရှည်ကျေးရွာမှ မိသားစုလေးဦးမှာ အောက်တိုဘာ ၆ ရက်နေ့က သံတွဲချောင်းအတွင်း မိုးကြိုးပစ်ခံရကာ ၂ ဦး သေဆုံးသွားခဲ့သည်။
အောက်တိုဘာ ၇
- စစ်ကောင်စီမှသတ်မှတ်ပေးသည့် အခြေခံစပါးဈေး တင်း ၁၀၀ ကို ငွေကျပ် ၅၄၀၀၀၀ ဖြင့် ပေါက်ဈေးသတ်မှတ်ခြင်းမှာ တောင်သူများအတွက် အရှုံးပေါ်နိုင်သောနှုန်းထားဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်းက တောင်သူများမှ ဆိုကြသည်။
- အလှကုန်ပစ္စည်းများဖြစ်သည့် မျက်နှာသစ်ဆေး၊ လိုးရှင်း၊ တိုနာ၊ မိတ်ကပ်စသည့်ပစ္စည်းများမှာ ယခုလအတွင်း ၃၀ ရာခိုင်နူန်းအထိ ဈေးမြင့်တက်လာကြောင်း အလှကုန်ပစ္စည်း အရောင်ဆိုင်များထံမှ သိရသည်။
- ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း အမှိုတ်များကို စနစ်တကျစွန့်ပစ်နိုင်ရန်ရည်ရွယ်ပြီး Green Network စစ်တွေမှ လှူဒါန်းထားသည့်အမှိုက်ပုံးများ စည်ပင်ကလာရောက်သိမ်းသွားသည်ဟု Green Network Sittwe မှ တာဝန်ရှိသူက ပြောသည်
- ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့်သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ၂၃ ဦးကို ပြန်လွှတ်ပေးရန် မိသားစုဝင်များနှင့် ရှေ့နေတို့က တောင်းဆိုလိုက်သည်။
- ဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်မှုအားလုံးကို ကိုဗစ်ရောဂါကြောင့်ပိတ်ထားရသည့် ၃ လနီးပါးအတွင်းတွင် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန်မှ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာသိန်း ၅၀ ဖိုးခန့်နစ်နာခဲ့သည်ဟု သိရသည်။
- စားအုန်းဆီ တစ်ပိဿာကို ၃,၇၀ဝ ဖြင့် ရောင်းချရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့ဈေးကွက်တွင် တစ်ပိဿာလျှင် ၅,၅ဝဝ ကျပ်အထိ ဈေးမြင့်တက်နေသည်။